Home သတင်း နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းများတွင် အပူချိန်လွန်ကဲမှုဒဏ် အကာအကွယ် အကူအညီ လိုအပ်နေ

နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းများတွင် အပူချိန်လွန်ကဲမှုဒဏ် အကာအကွယ် အကူအညီ လိုအပ်နေ

294
Photo: CJ

ဧပြီလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ပိုင်းရှိ နယ်စပ်ယာယီစစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်း အတွင်း အပူချိန်လွန် ကဲမှုဒဏ်ကို ပြင်းထန်စွာခံစားနေရပြီး အပူလှိုင်းဖြတ်နိုင်ခြေရှိသည့် မေလလယ်ပိုင်း မတိုင်မီ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီ ပေးနေသူများက ပြောသည်။

လက်ရှိ ၎င်းဒေသတွင် အပူချိန် အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်အထက်ရှိနေပြီး လာမည့် မေလအတွင်း အပူချိန် ၄၀ ဒီဂရီစီတီဂရိတ်မှ ၄၃ ဒီဂရီအထိ မြင့်တက်နိုင်သည့် အပူလှိုင်းဖြတ်မည့်ဧရိယာထဲတွင် ပါဝင်သောကြောင့် စစ်ရှောင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရောဂါအခံရှိသူများအတွက် အသက် အန္တရာယ်ဖြစ် ပေါ်စေနိုင်သည်ဟု နယ်စပ် စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ယခုလို ပြောသည်။

“ထိုင်းဘက်မှာတော့ အပူလှိုင်းသတိပေးချက်တွေ ပုံမှန်ထုတ်ပြန်နေပေမယ့် နယ်စပ်စခန်းတွေက လူတွေကတော့ ဒီသတင်းအချက်အလက်တွေကို သိဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်။ အပူချိန်က ၄၀ ကျော်လာရင် သက်ကြီး ရွယ်အိုတွေ သေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်။ ဒါကြောင့် သူတို့နားလို့ရမယ့် ယာယီအေးစခန်းတွေ၊ သစ်ရိပ်ဝါး ရိပ်ကောင်းကောင်းရှိတဲ့ နားနေဆောင်တွေ ကြိုပြင်ထားပေးနိုင်ရင် ပိုကောင်းမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းအများစုရှိရာ ဒေသများတွင် သစ်ရိပ် ဝါးရိပ်အားနည်းနေသလို ကွင်းပြင်ကျယ်ကြီးများတွင် တာလပတ်တဲများထိုး၍ တည်ဆောက်ထားရပြီး လေဝင်လေထွက်မကောင်းဘဲ အပူဒဏ်ကို ပိုမိုခံစားနေရ ကြောင်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

ထို့အတူ အဖွဲ့အစည်းအချို့က အပူဒဏ်ကာကွယ်ရေး ပစ္စည်းအချို့နှင့် အသိပညာပေးမှုများ လုပ်ဆောင်ထား သော်လည်း စခန်းများတွင် စနစ်တကျ ယာယီနားခိုနိုင်မည့် Shelter (ခိုလှုံရာ) နေရာနှင့် အချိန်နှင့်တပြေးညီ သတင်းပေး ပို့နိုင်သည့် စနစ်များ လိုအပ်နေသေးသည်ဟု စစ်ရှောင် ကူညီနေသူများက ပြောသည်။

နယ်စပ်ဒေသရှိ စစ်ဘေးရှောင်တစ်ဦးကလည်း “လက်ရှိအခြေအနေမှာ သောက်ရေနဲ့ သုံးရေကတော့ မြစ်နားမှာရှိလို့ အဆင်ပြေနေသေးတယ်။ ဒါပေမယ့် နေပူပြင်းတဲ့ဒဏ်ကိုတော့ တော်တော် ခံရတယ်” ဟု ပြောသည်။

လက်ရှိ အပူချိန် အလွန်မြင့်တက်လာပါက လေပြင်းတိုက်ခတ်ခြင်းနှင့် အပူပိုင်း မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းမပြုရန် နှင့် အပြင်လုပ်ငန်းခွင်ဝင်ရပါကလည်း သေချာ အကာအကွယ်ဆောင်ထားကြရန် စစ်ရှောင်စခန်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံဘက်က အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးဒဏ်ကို နှစ်ရှည်လများ ခံစားနေရ သည့် အပြင် ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်မှုဒဏ်ကိုပါ ဆိုးရွားစွာ ကြုံတွေ့နေရသဖြင့် အလှူရှင်များနှင့် အရပ်ဖက် လူမှုကူညီရေးအဖွဲ့အစည်းများအနေဖြင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို စနစ်တကျ ကူညီဖြည့် ဆည်းပေးရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။