Home သတင်း ထိုင်းနိုင်ငံအတွင်း အပူလွန်ကဲမှုနှင့် နွေမုန်တိုင်းများ တိုက်ခိုက်နိုင်ဟု သတိပေးထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း အပူလွန်ကဲမှုနှင့် နွေမုန်တိုင်းများ တိုက်ခိုက်နိုင်ဟု သတိပေးထုတ်ပြန်

289
Photo: The Nation

ဧပြီလ ၁၈ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် နွေရာသီ အပူလွန်ကဲမှုအပြင် နွေရာသီမုန်တိုင်းများ ကျရောက်လာနိုင်သည်ဟု ထိုင်းမိုးလေဝသဌာန၏ ယနေ့ ဧပြီလ ၁၈ ရက်နေ့ သတိပေးထုတ်ပြန်ချက်အရ သိရသည်။

အလွန်ပူပြင်းသည့် ရာသီဥတုအပြင် ထိုင်းနိုင်ငံ အထက်ပိုင်းတွင်ရှိသည့် ခရိုင်ပေါင်း (၅၅) ခု၌ နွေရာသီ မုန်တိုင်းများ ကျရောက်နိုင်ကာ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် အချို့နေရာတွင် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာနိုင်၍ သတိထားကြရန်လည်း ထုတ်ပြန်ထားသည်။

မယ်ဟောင်ဆောင်နှင့် ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းနေရာအချို့တွင် အလွန်ပူပြင်းပြီး မြူဆိုင်းမည်ဖြစ်ကြောင်း၊ အမြင့်ဆုံးအပူချိန် ၃၈ မှ ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကာ ဧပြီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းနေရာများတွင် ပူပြင်းပြီး ဖုန်မှုန့်နှင့် မြူခိုးများ စံချိန်တင် များနေသည့်အတွက် အပြင်ထွက်ပါက နှာခေါင်းစီး (Mask) တပ်ဆင်ရန်နှင့် နေပူထဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်းမျိုး ရှောင်ကြဉ်ကြရန် သတိပေးထားသည်။

၎င်းအပြင် နွေရာသီမုန်တိုင်းကျရောက်သည့် နေရာများတွင်လည်း ကွင်းပြင်တွင် နေထိုင်ခြင်း၊ သစ်ပင်ကြီးအနီး၊ ခိုင်ခန့်မှုမရှိသည့် အဆောက်အအုံကြီးအနီးနှင့် ဆိုင်းဘုတ်အနီး နေရာများတွင် ရှောင်ကြဉ်ရန်နှင့် တောင်သူများအနေဖြင့် သီးနှံနှင့် တိရစ္ဆာန်များအတွက် ကြိုတင်ပြင်ဆင်ထားရန်ကိုလည်း ထိုင်းမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ (၁၇) ရက်နေ့ကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချိုင်ယာဖုမ်းခရိုင်ထဲရှိ နေရာ အချို့တွင် နွေမုန်တိုင်းကျရောက်၍ လူနေအိမ်အဆောက်အအုံ ပျက်စီးမှုရှိခဲ့ကြောင်းလည်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။