Home သတင်း ထိုင်းနိုင်ငံတွင် မြေမှတဆင့်ကူးစက်ရောဂါ ဖြစ်ပွားနေပြီး လူ(၂၃)ဦးအထိ သေဆုံးထား

ထိုင်းနိုင်ငံတွင် မြေမှတဆင့်ကူးစက်ရောဂါ ဖြစ်ပွားနေပြီး လူ(၂၃)ဦးအထိ သေဆုံးထား

412
Photo: Social Media

ဧပြီ (၁၉) ရက်။ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်၍ ယခု ဧပြီလလယ်အတွင်း မြေဆီလွှာအဖျားရောဂါဟု လူသိများသော “မီလီအိုဒိုးဆစ်” (Melioidosis) ကူးစက်ရောဂါဖြစ်ပွားနေပြီး လူ(၂၃)ဦးအထိ သေဆုံးထားကြောင်း ထိုင်းအာဏာပိုင်နှင့် ကျန်းမာရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

လက်ရှိ မြေဆီလွှာနှင့်ရေအတွင်း တွေ့ရလေ့ရှိသည့် ဘက်တီးရီးယားပိုးမွှားမှ စတင်ဖြစ်ပွားသော မီလီအိုဒိုးဆစ် ရောဂါကူးစက်ခံရသူ စုစုပေါင်း (၇၃၂)ဦးရှိနေပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ထိုင်းအစိုးရဘက်က ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

အရေပြားပေါက်ပြဲဒဏ်ရာများကို ထိတွေ့မိခြင်း၊ ညစ်ညမ်းသောဖုန်မှုန့်များ ရှူရှိုက်မိခြင်းနှင့် မသန့်ရှင်းသောရေကိုသောက်သုံးမိခြင်းတို့ဖြင့် ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောက်ရာမှ မီလီအိုဒိုးဆစ် ရောဂါဖြစ်ပွားခြင်းဖြစ်သည်။

အများအားဖြင့် စိုက်ပျိုးရေးလုပ်သားများ၊ မြေဆီလွှာနှင့်ရေကို မကြာခဏထိတွေ့ရသူများ၊ ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် ကိုယ်ခံအားနည်းသော နာတာရှည်ရောဂါရှိသူများအတွက် ရောဂါကူးစက်ခံရရန် ပိုမိုလွယ်ကူကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

Photo: Social Media

ရောဂါလက္ခဏာအနေဖြင့် အဖျားကြီးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ခံစားရပြီး သွေးကြောအတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်ပါက ပြင်းထန်သော သွေးဆိပ်တက်ခြင်းနှင့် သေဆုံးမှုအထိ ဖြစ်ပွားနိုင်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ကြောင့် ရောဂါလက္ခဏာဖြစ်ပေါ်ပါက လျစ်လျူမရှုဘဲ စောစီးစွာ ဆေးကုသမှုခံယူရန်အရေးကြီးသည်ဟု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက အသိပေးထားသည်။

ထို့အပြင် မြေဆီလွှာ သို့မဟုတ် ရေနှင့်ထိတွေ့ရန် လိုအပ်ပါက ဘွတ်ဖိနပ်နှင့် လက်အိတ်ကဲ့သို့ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်သင့်ကြောင်းလည်း တဆက်တည်းဆိုသည်။

မီလီအိုဒိုးဆစ် ရောဂါသည် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် အများဆုံးဖြစ်ပွားနေသည်။ ခွန်ကန်ခရိုင်အပါအဝင် ခရိုင်(၄)ခုရှိ ကျန်မာရေးဇုန်(၇)ခုတွင် ရောဂါကူးစက်မှု (၆၈)ခု ရှိလာပြီး အသက် ၅၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများတွင် အဖြစ်များနေကြောင်းလည်း သက်ဆိုင်ရာ မြို့ရောဂါထိန်းချုပ်ရေးဦးစီးဌာန အစီရင်ခံစာအရ ဘန်ကောက်ပို့စ်က ဖော်ပြသည်။