Home သတင်း စစ်အုပ်စု၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံး၊ နေအိမ်အချို့ပျက်စီး

စစ်အုပ်စု၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံး၊ နေအိမ်အချို့ပျက်စီး

401
Photo: CJ

ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာလေယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သထုံခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်၊ ညနေ ၇ နာရီခွဲအချိန်ခန့်တွင် စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာရှိ စာသင်ကျောင်းဟောင်းအနီးသို့ ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချခဲ့ပြီးနောက် ထို့နေ့ညတွင်ပင် ရွာလမ်းမဘေးသို့ ၈ လုံးတွဲ ဗုံးသီးတစ်လုံး ထပ်မံ ကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြစ်ကျိုးရွာရှိ နေအိမ် ၂ လုံး ဗုံးစထိမှန် ပျက်စီးခဲ့သလို ဒေသခံတစ်ဦး၏ ဝက်တစ်ကောင်လည်း ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင်လည်း ဖားအံမြို့နယ်၊ ဟတ္ထလိုက်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ၁၂၂ မမ ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ တလိုင်းကရင်ရွာအတွင်းရှိ နေအိမ်များပေါ်နှင့် အရပ်သားများ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

Photo: CJ

လေကြောင်းတိုက်ခိုက်မှုကြောင့် တလိုင်းကရင်ရွာမှ အသက် ၄၈ နှစ်အရွယ် စောမာချူမှာ ဗုံးစထိမှန်သေဆုံးခဲ့ရာ အသက် ၆၀ အရွယ် စောတီးတီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နှစ်ရက်တာတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံများ မွေးမြူထားသည့် နွားတစ်ကောင်ပါ သေဆုံးခဲ့သည်ဟု ကေအဲန်ယူသထုံခရိုင်က ဆိုသည်။

ယခုလို ကျေးရွာများအတွင်းသို့ စစ်အုပ်စုက လေကြောင်းအပြင် ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသောကြောင့် ဟတ္ထလိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၈၈၀ ကျော်၊ လူဦးရေ ၆,၂၈၆ ဦးခန့်မှာ ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ အချိန်တွင် နေရာထိုင်ခင်းနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကေအဲန်ယူသထုံခရိုင် လချုပ်စာရင်းအရ ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ကျိုက်ထို၊ သထုံ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ကျေးရွာများသို့ အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။