Home သတင်း ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲအပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၁ ဦးဒဏ်ရာရပြီး နေအိမ်များပျက်စီး

ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲအပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၁ ဦးဒဏ်ရာရပြီး နေအိမ်များပျက်စီး

463
Photo: KNU

ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသရှိ အုပ်စုတပ်ဖွဲ့အခြေချ ပွိုင့် ၉၆၂ ဗျူဟာကုန်း၏ ကာကင်းစခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်အုပ်စုက လူထုရှိရာ ကျေးရွာများသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦး ထိဒဏ်ရာရပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ယနေ့တွင် သတင်းထုတ်ပြန်သည်။

မဲသဝေါဒေသရှိ အဆိုပါ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီလ (၁၃) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ စခန်းသိမ်းပြီးနောက် နေ့လယ် (၁) နာရီ (၅၀) မိနစ်ခန့်တွင် စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားရာနေရာနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာ ပွေးဖိုးကလားကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

Photo: KNU

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွေးဖိုးကလားကျေးရွာရှိ ဒေသခံ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

မဲသဝေါရွာခံတစ်ဦးက “ မနေ့ကလည်း လာသေးတယ်။ Drone မဟုတ်ဘူး aircraftနဲ့ လာချတာ။ ညဘက်ဆို အဆင်ပြေတဲ့နေရာမှာပဲ သွားအိပ်ကြတာ အိမ်မှာ မအိပ်ရဲကြသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလ ဧပြီလဆန်းမှ ဧပြီလ ၁၃ ရက်အထိ နှစ်ပတ်အတွင်း စစ်အုပ်စု၏ ခြေကုပ်စခန်းများဖြစ်သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) လှိုင်းဘွဲမြို့နယ်ရှိ ကြယ်ပြောင်ကုန်းစခန်း၊ တပ်မဟာ (၁) ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းနှင့် တပ်မဟာ (၃) ဆောထိမြို့နယ်ရှိ လက်ယက်စခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။