Home သတင်း သင်္ကြန်ကာလတွင် ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်

သင်္ကြန်ကာလတွင် ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်

396

ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်း တပ်မဟာ ၅ နယ်မြေ/မူတြော်ခရိုင်၊ ဖာပွန်မြို့အနီးအနားရှိ ကျေးရွာများကို စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ(၁၃)ရက်မှ ဧပြီလ(၁၄)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ အဆက် မပြတ်ပြုလုပ်လာနေကြောင်း ကေအဲန်ယူထံမှ သိရသည်။

မူတြော်ခရိုင်အတွင်း စစ်အုပ်စုတပ်က ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ၁၄ ရက် (သင်္ကြန်အကျနေ့) အထိ ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ်များကို အသုံးပြု၍ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ည ၁၀ ဝန်းကျင်ခန့်တွင်လည်း ဖာပွန်မြို့အနီးရှိ ဒေးဖိုးနိုကွင်းအတွင်းသို့ စစ်အုပ်စု၏ လေကြောင်းပျံဝဲမှုများအပြင် ရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်းသို့ ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလို ပြောသည်။

“ လေယာဉ်တွေက တစ်စီးပြီးတစ်စီး လာတာ။ ဂျက်ဖိုက်တာ ၂ စီး ပြန်သွားတော့မှ အထွက်တစ်စီးက လာပြီး ပတ်ကြဲတယ်။ အဲဒီတစ်စီး ပြန်သွားတာနဲ့ နောက်တစ်စီး ထပ်လာပြီး ထပ်ကြဲတယ်။ ဒေးဖိုးနို အောက်ကနေ အထက်ထိပေါ့။ ရွာတွေပတ်ပြီး ဗုံးတွေ လိုက်ကြဲတာ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဒေသခံများမွေးမြူထားသော ကျွဲ ၃ ကောင် သေဆုံးခဲ့ပြီး ဒေသခံရွာသားများမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြသဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကေအဲန်ယူပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။

လက်ရှိ သင်္ကြန်ပွဲတော်ကာလအတွင်း ဖာပွန်မြို့နယ်အပါအဝင် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ ပိုင်ကျုံနှင့် ဘီးလင်း၊ သထုံဒေသများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလျက်ရှိသည်။ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ စစ်သတင်းအရင်းအမြစ်များက ဆိုသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ မူတြော်ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း၌ပင် စစ်အုပ်စုတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ၆ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁ လုံးအပါအဝင် နေအိမ် ၈၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။