ဧပြီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်အုပ်စုက ဖားအံမြို့တွင်း သင်္ကြန်ပွဲတော်စည်ကားအောင်ကျင်းပနေသော်လည်း ကျန်မြို့နယ် ၆ ခုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတပ်တို့အကြား ဧပြီလ ၁၀ ရက်နောက်ပိုင်းမှစပြီး ယနေ့ ၁၄ ရက်နေ့အထိ တိုက်ပွဲရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယခု သင်္ကြန်ပွဲတော်ကာလအတွင်း ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီနှင့် ပိုင်ကျုံ၊ ဖာပွန်မြို့နယ်တို့အပြင် ဘီးလင်း၊ သထုံဒေသအတွင်းရှိ စစ်အုပ်စု စစ်ကြောင်းများ၊ တပ်စခန်းများ၊ ဗျူဟာစခန်းကုန်းများတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KNLA တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
“ဖာပွန်၊ ကမမောင်း၊ ပိုင်ကျုံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီဝေါလေအထိ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းအကုန် နေ့တိုင်းပစ်တယ်။ ဘီးလင်း၊ သထုံဘက်လည်း တိုက်ပွဲရှိနေတယ်။ သင်္ကြန်တွင်းကိုပဲ တိုက်နေတာပေါ့နော်” ဟု KNLA တပ်မဟာ ၆ နယ်မြေ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ သင်္ကြန်ကာလအတွင်း စစ်အုပ်စုက ဖားအံကမ်းနားလမ်းသင်္ကြန်၊ ကော့ကရိတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) တပ်တွင်းသင်္ကြန်၊ မြဝတီမြစန္ဒီပန်းခြံသင်္ကြန်တို့ကို စည်ကားစွာ ကျင်းပကြောင်း သတင်းများထုတ်လွှင့်လျက်ရှိသည်။ သို့သော်လည်း ယမန်နေ့သင်္ကြန်အကျနေ့တွင် အနီးဝန်းကျင် ကျေးရွာများဘက်ကို လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း သိရှိရသည်။
ယမန်နေ့ သင်္ကြန်အကျနေ့တွင် မြဝတီမြို့တောင်ဘက် စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြဲချမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သလို ဝေါလေဗျူဟာကုန်းဘက်တွင်လည်း ယနေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ စစ်သတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် KNU တပ်မဟာ ၇ နယ်မြေ၊ ဖားအံခရိုင် ပိုင်ကျုံ / မဲသဝေါဒေသအတွင်းရှိ ကြယ်ပြောင် စစ်တပ် စခန်းအား KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိတွင် နှစ်ဘက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။



















