ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၄ ဦး သေဆုံးခဲ့ကြောင်း ဧပြီလ ၁၃ ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များတွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အမျိုးသမီး ၂၇ ဦး အပါအဝင် ဒေသခံ ၄၄ ဦး သေဆုံးကာ (၃၇) ဦး ဒဏ်ရာရခဲ့သည်ဟု ညောင်လေးပင်ခရိုင်၏ စာရင်းက ဖော်ပြသည်။
“မုန်းဘက်က ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ဘက်က ဘာမှ လုပ်လို့မရတော့တာ ကြာပြီလေ။ သူတို့လုပ်တာ အများအားဖြင့် လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ပဲ။ အုပ်ချုပ်ရေးပိုင်းမှာ သူတို့ ရပ်ထားရတာကြာပြီ” ဟု မုန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မတ်လအတွင်း စစ်အုပ်စုတပ်က ဒေသခံ (၃၂၉) ဦးကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲတွင် အမျိုးသမီးနှင့် ကလေးငယ် (၁၄၈) ဦး ပါဝင်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကျပ် ၅ သိန်းမှ သိန်း ၂၅၀ အထိ တောင်းခံမှုများ ရှိနေကြောင်း ကေအဲန်ယူက ဆိုသည်။
ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားများအပြင် လူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နေအိမ် (၃၇) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ (၁) လုံး ပျက်စီးမှုတွင် ပါဝင်သည်ဟု ကေအဲန်ယူစာရင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း ညောင်လေးပင်ခရိုင်တွင် ကရင်လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်က (၁၇) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်မှလည်း (၆) ဦး သေဆုံးပြီး (၂၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စာရင်းက ဆိုသည်။
ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေရှိ ညောင်လေးပင်ခရိုင်အတွင်း စစ်အုပ်စု၏ အခြေစိုက်စခန်းများမှ ယခုလို ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။



















