ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေကော်ဒေသအနီးရှိ မင်းလက်ပံကျေးရွာကို ယမန်နေ့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မွန်းတည့်ချိန်တွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သား မိခင်နှင့်ကလေး (၂) ဦး သေဆုံးပြီး နေအိမ် (၃) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ တာဝန်ရှိသူများထံမှ သိရသည်။
စစ်အုပ်စုတပ်သည် မင်းလက်ပံရွာ၊ အုန်းတောလမ်းပိုင်းသို့ ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးများဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အသက် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်ဖြစ်သူတို့ နေရာ၌ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
နယ်မြေခံတာဝန်ရှိသူတစ်ဦးက “မွန်းတည့်အချိန်မှာ အုန်းတောလမ်းဘက်ကို ဒရုန်းနဲ့ မီးလောင်ဗုံးတွေ လာကြဲသွားတာ။ ပေါက်ကွဲပြီးတာနဲ့ ချက်ချင်းပဲ မီးလောင်သွားတယ်။ ဒီရွာဘက်ကို စစ်တပ်က နေ့တိုင်း ဒရုန်းနဲ့လာကြဲနေတော့ အိမ်တွေလည်း အကုန်နီးပါး ပြာကျကုန်ပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း အဆိုပါ နယ်မြေတစ်ဝိုက်ကို နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ မပြန်နိုင်သေးဘဲ တောတောင်များနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် ဆက်လက်တိမ်းရှောင်နေရကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
“အရပ်သားတွေက နေ့တိုင်းလိုလို ထိခိုက်သေဆုံးနေရတယ်။ တချို့က စစ်ဘေးရှောင်စခန်းမှာ နေရတာ ကြာလာတော့ အဆင်မပြေတာနဲ့ ကိုယ့်အိမ်ကို ခဏပြန်ကြည့်တဲ့အချိန်မှာ အခုလို ကြုံရတာ။ ကျနော်တို့ ဘက်ကတော့ ပြည်သူတွေကို ပြန်လာမယ်ဆိုရင်တောင် အရမ်းသတိထားကြဖို့ အမြဲတမ်း တိုက်တွန်းနေရတယ်” ဟု ပြောသည်။
ယခု ဗုံးကြဲတိုက်ခိုက်ခံရသည့် မင်းလက်ပံရွာသည် KNU-ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ရာမတီ (မြဝတီ) မြို့နယ် အုပ်ချုပ်မှုနယ်မြေတွင် တည်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မင်းလက်ပံနှင့် ဖလူးကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။



















