မတ် (၂၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ ကျုံဒိုး-ကော့ကရိတ်နယ်မြေရှိ စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ နှင့် ခြေလျှင်တပ်ရင်း ခလရ-၂၃၀၊၂၃၁ တို့ကို KNLA ပူးပေါင်းတပ်က မတ်လ(၂၆)မှ(၂၈)ရက်နေ့အထိ ဒရုန်းနှင့်ရှော့တိုက်ဒုံးများ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ(၂၆)ရက်နှင့် (၂၇)ရက်တို့တွင် ကျုံဒိုးမြို့အခြေစိုက် ခမရ-၅၄၅ နှင့် ၅၄၆ ကို ဒရုန်းနှင့်ရှော့တိုက်ဒုံးတိိုက်ခိုက်ခဲ့ခြင်းဖြစ်သလို ယနေ့မနက်ပိုင်းတွင်လည်း ခလရ-၂၃၀၊ ၂၃၁ နှင့် တံတားကျိုးစစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံးတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ဆိုသည်။
“ကျုံဒိုးအခြေစိုက်တပ်တွေကို ဒရုန်းနဲ့ချတာ တပ်ထဲမှာအထိအခိုက်ရှိတယ်။ သတင်းအပြင်မထွက်အောင်ဖုံးထားတာ။ ဒီမနက်ပိုင်းကတော့ စကခ-၁၂ ဌာနချုပ်နားက တံတားကျိုးဂိတ်နဲ့ ခလရ-၂၃၀၊၂၃၁ တပ်ထဲကိုရှော့တိုက်ဒုံးပစ်တယ်” ဟု အမည်မဖော်လိုသူ မဟာမိတ်တပ်ဖွဲ့ဝင်က ပြောသည်။
စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးများဖြင့် ကျေးရွာများဘက်ကို တန်ပြန်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။ မတ်လ(၂၇)ရက်နေ့က စစ်အုပ်စုပစ်ခတ်လိုက်သည့် လက်နက်ကြီီးများ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်းနှင့်မောင်းမရွာတို့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။
ထို့အပြင် ကော့ကရိိတ်အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ-၉၇ ကလည်း ကျေးရွာများဘက်သို့လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို ကျုံဒိုး၊ ကိုးတိုင်၊ နွားခြံကုန်းဘက်မှ ဂျိုင်းမြစ်ကူးတံတားနားအထိ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့ပါဝင်သော စစ်အုပ်စုပူးပေါင်းတပ်က အင်အားဖြည့်လာသည်ဟု ကျုံဒိုးနေဒေသခံက ပြောသည်။
၎င်းဒေသခံက “ဒီရက်ပိုင်း စစ်တပ်ကအင်အားဖြည့်ဂိတ်ချတာများလာတယ်။ ဗိုလ်ဘိအဖွဲ့နဲ့ BGF တွေလည်းပါတယ်။ တိုက်ပွဲလည်း လမ်းဟောင်းဘက်မှာနေ့တိုင်းပဲ” ဟု ကေအိုင်စီကိုပြောသည်။
အဆိုပါကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှုမရရေး စစ်အုပ်စုကလုပ်ဆောင်နေခြင်းဖြစ်ပြီး အင်အားဖြည့်တင်းရန်လည်း နယ်မြေတွင်း တပ်သားသစ်စုဆောင်းမှုများ ရှိသည်။
ထို့အတူ စစ်မှုထမ်းတပ်သားသစ်များအတွက် ငွေကောက်ခံမှုများပါ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံအများစု အခြားမြို့ရွာများသို့ ရွှေ့ပြောင်းအခြေချနေလျက်ရှိိကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။



















