မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတွင် မတ်လ ၂၀ ရက်က KNLA မဟာမိတ် တပ်များနှင့် စစ်အုပ်စုစစ်ကြောင်းများ တိုက်ပွဲအတွင်း စစ်တပ်အရာရှိများ ကျဆုံးသည်အထိ တိုက်ပွဲပြင်းထန်၍ စစ်အုပ်စုက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၀ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ်အချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူ လေတပ်မှ လှိုင်းဘွဲမြို့ကို ကျော်လွန် ပျံသန်းလာသော ဂျက်လေယာဉ် ၂ စီးဖြင့် ကော့ကရိတ်မြို့ ဒေါန တောင်လမ်းဟောင်း နေရာဝန်းကျင်အား ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ၃၂ ဗျူဟာစစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။
“တစ်နေ့က တိုက်ပွဲထဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူး ၁ ဦး၊ ခွဲမှူး ၁ ဦးကျတယ်။ အခုက တစ်စီးထဲလာတာမဟုတ်ဘူး။ နှစ်စီးတွဲ ပတ်ပျံပြီး ပေါင် ၅၀၀ တွေ ကြဲချပစ်တာ၊ အောက်ဘိုတဲဘက် ၁ လုံး၊ မိဖာလဲရွာ၊ ထီဖိုးစံရွာအကြား ၂ လုံး၊ ထီဖိုးစံ-နောင်တပွဲကြား မြပနိုင်ဘက် ၁ လုံးနဲ့ဆို ဗုံးသီးကြီး ၄ လုံး ကြဲသွားတယ်။ ဒုံးရောကတ်နဲ့လည်း ပစ်ချတာမျိုးလုပ်တယ်” ဟု ပြောသည်။
အဆိုပါ စစ်အုပ်စုအရာရှိနှစ်ဦး သေဆုံးမှုမှာ ကျုံဒိုးအခြေစိုက် ခမရ (၅၄၅) နှင့် (၅၄၆) တပ်ရင်းများမှ နောက်ချန်ထုတ်နုတ်အင်အားဖြင့် အောက်ဘိုတဲဘက်သို့ စစ်ကြောင်းထိုးတက်လာစဉ် နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျုံဒိုးစစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းအတွင်း နဘူးတပ်နယ်မှ ခမရ ၅၄၇/၅၄၈/၅၄၉ တပ်ရင်းများဘက်ကို စစ်ကူခဲယမ်းများ ဖားအံတပ်မ ၂၂ မှ ဆက်တိုက်ပို့ဆောင်နေပြီး ထိုမှတစ်ဆင့် အောက်ဘိုတဲလမ်းပိုင်းနှင့် နဘူးကျေး ရွာများကို စစ်တပ်က ထိန်းချုပ်တပ်စွဲရန် စစ်ကြောင်းနေရာဖြန့်ကျက်မှုများရှိနေကြောင်း နဘူးကျေးရွာသတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် နဘူးကျေးနယ်စစ်အုပ်စုတပ်က ကျုံဒိုးလမ်းနှင့် လှိုင်းဘွဲလမ်းဘက်မှ ထိုင်းကုန်စည်ကားများ၊ ခရီးသွားကားများ ဖြတ်သန်းသည့် လမ်းပိုင်းတွင် ဂိတ်ချပြီး ထို့ကော်ကိုး/မြဝတီဘက်မှ ဖားအံဘက်သို့ ဆင်းလာသည့် ကားများအား စစ်ဆေးငွေတောင်းမှုရှိနေကြောင်း သိရှိရသည်။
ယနေ့ မတ်လ ၂၁ ရက်၊ ညနေ ၃ နာရီကျော်အချိန်တွင်လည်း ဒေါနတောင်အရှေ့ဘက်အခြမ်း ဖလူးကျေးရွာဘက်ကို စစ်အုပ်စုက လေကြောင်းဗုံးကြဲမှု ပြုလုပ်တိုက်ခိုက်ခဲ့သေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ သတင်းပေးပို့ချက်အရ သိရသည်။
Photo: CJ



















