မတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီဝယ်ယူမှုများပြားလွန်းသောကြောင့် မနက်အစောပိုင်းကတည်းက ဆီပြတ်လပ်သွားပြီး အရောင်းပိတ်လိုက်ရသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရသိရသည်။
PTT, Bangchak, Shell စသည့် မဲဆောက်မြို့စက်သုံးဆီဆိုင်ကြီးများအပါအဝင် ဆိုင်ခွဲများတွင် ညပိုင်းကတည်း တန်းစီစနစ်ဖြင့်စောင့်ဆိုင်းကာ ဆီဖြည့်ကြသူများလာသောကြောင့် မနက်ပိုင်းဆီဆိုင်ဖွင့်ပြီး လေးနာရီအတွင်း ရောင်းကုန်သွားကြောင်း အရောင်းဝန်ထမ်းများက ဆိုသည်။
“ကားတွေက ညပိုင်းကတည်းက ဆီဝယ်ဖို့တန်းစီထားတာဆိုတော့ မနက်(၉)နာရီလောက်ဆို 95 ဆီကုန်ပြီ။ (၁၀)နာရီလောက်ဆို 91နဲ့ ပရီမီယံဒီဇယ်လည်း ကုန်ရော။ နောက်ထပ် ဆီဘောက်ဆာကား မလာမချင်း အရောင်းပိတ်ရတဲ့အခြေအနေဖြစ်ကုန်တာပေါ့” ဟု မဲဆောက်မြို့ဓာတ်ဆီဆိုင် အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
အရောင်းပိတ်သည့်ရက်ဆက်လာသဖြင့် တချို့ဝယ်ယူသူများမှာ ဆီဆိုင်များက ဆီကိုသိုလှောင်ထားကြောင်း၊ ဆီမှောင်ခိုရောင်းနေကြောင်း စသည့်စွပ်စွဲချက်များဖြင့် ထိုင်းအာဏာပိုင်ထံ တိုင်ကြားမှုလုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မြို့အာဏာပိုင်များကလည်း ဆီဆိုင်များကို စစ်ဆေးစောင့်ကြည့်မှုများလုပ်ဆောင်နေကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားအသိုင်းအဝိုင်းက ဆိုသည်။

မဲဆောက်မြို့ပေါ်နေမြန်မာနိုင်ငံသားက “ဒီနေ့ဆို ပုံးနဲ့ဝယ်တာပါမရောင်းတော့ဘူး၊ မြန်မာကားမရောင်းဘူး၊ ထိုင်းကား ဘတ်တစ်ထောင်ဖိုး၊ ဆိုင်ကယ်ဆို ဘတ်သုံးရာဖိုးအထိပဲ ရောင်းတော့တယ်။ မနက်မိုးမလင်းသေးဘူး ဆီရဖို့တန်းစီရတာ တစ်ရက်ထက်တစ်ရက် ပိုကြပ်လာပြီ” ဟု ကေအိုင်စီကို ပြောသည်။
ထိုအကြပ်အတည်းများကြောင့် မဲဆောက်မြို့ရှိစက်သုံးဆီဆိုင်ကြီးများတွင် ဆီဝယ်ယူရန်တန်းစီစောင့်ဆိုင်းသူမော်တော်ယာဥ်တန်းဖြင့် မနက်မိုးလင်းပိုင်းကတည်းက ယာဥ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေသည်။
ထိုင်းအစိုးရဘက်ကလည်း နိုင်ငံတွင်းစက်သုံးဆီအလုံအလောက်ရှိ၍ ပြည်သူများမလိုအပ်ဘဲ ဆီကိုဝယ်ယူစုဆောင်းခြင်းမပြုလုပ်ကြရန် မတ်လ(၁၉)ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုင်းသတင်းအရင်းအမြစ်များမှ နောက်ဆုံးရရှိထားသည့်သတင်းအရ တချို့ဆီဆိုင်များတွင် ယနေ့ညနေပိုင်းမှစ၍ ရက်ပိုင်းခန့် ဆီအရောင်းလုံးဝပိတ်ထားလိုက်ကြောင်း သိရသည်။



















