Home သတင်း စစ်အုပ်စု၏ ဝင်ငွေနှင့် လေယာဉ်ဆီလမ်းကြောင်းကို ထိရောက်စွာပိတ်ဆို့ရန် KPSN တောင်းဆို

စစ်အုပ်စု၏ ဝင်ငွေနှင့် လေယာဉ်ဆီလမ်းကြောင်းကို ထိရောက်စွာပိတ်ဆို့ရန် KPSN တောင်းဆို

514
Photo: KPSN

မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်အုပ်စုကို ဝင်ငွေရရှိစေသည့် လမ်းကြောင်းနှင့် လေယာဉ်ဆီ အထောက်အပံ့ပေးနေသည့် လမ်းကြောင်းများကို ပိတ်ဆို့မှု ထိထိရောက်ရောက် လုပ်ဆောင်ရန် ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ရက် (KPSN) က နိုင်ငံတကာသို့ ယမန်နေ့ (မတ်လ ၁၁ ရက်) နေ့က ထုတ်ပြန်တောင်းဆိုသည်။

မတ်လ ဒုတိယအပတ်အတွင်း ကေအဲန်ယူနယ်မြေ ခရိုင်သုံးခုတွင် စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုတို့ကြောင့် ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား (၅၀) ထက်မနည်း သေဆုံးပြီး (၂၀) ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် KPSN က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း KPSN အနေဖြင့် စစ်အုပ်စု၏ ဝင်ငွေရ စီးပွားရေးလမ်းကြောင်း၊ လေယာဉ်ဆီလမ်းကြောင်း ပိတ်ဆို့ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ယခုဖြစ်ရပ်များ ဆက်လက်ရှိနေ သည့်အပေါ် နိုင်ငံတကာ၏ ထိရောက်သော အရေးယူမှု လိုအပ်သည်ဟု အဖွဲ့ပြောခွင့်ရ နော်ဝါးခူရှီးက ပြောသည်။

“စစ်တပ်ရဲ့ စီးပွားရေးလမ်းကြောင်း ပိတ်ဆို့မှုကို နိုင်ငံတကာက ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရဘူး။ ဒါကြောင့်ပဲ ပြည်သူတွေကို မတရားတာလုပ်ဖို့ သူတို့မှာ အဟန့်အတားမရှိတာ။ နိုင်ငံတကာအနေနဲ့ ဒါကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီ။ ပိတ်ဆို့တာမလုပ်ရင် ပြည်သူတွေကို သတ်ဖို့ အားပေးသလို ဖြစ်နေမှာပဲ” ဟု နော်ဝါးခူးရှီးက ပြောသည်။

ထို့အပြင် ဒရုန်းနှင့် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် နိုင်ငံတစ်ဝန်း အရပ်သားသေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာသော်လည်း ကျူးလွန်သူ စစ်အုပ်စုအပေါ် နိုင်ငံတကာက တစ်နှစ်ကျော်ကြာသည်အထိ ထိရောက်သော အရေးယူမှု တစ်စုံတစ်ရာ မလုပ်ဆောင်သေးကြောင်း
KPSN က ထောက်ပြထားသည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သည့် အရပ်သားထိခိုက်သေဆုံးမှုအပေါ် KPSN အနေဖြင့် ကုလသမဂ္ဂ၊ လူ့အခွင့် အရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့များထံ ပေးပို့ထားပြီး လာမည့်ရက်ကာလ၌ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာတင်ပြသူ (Special Rapporteur) နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားသည် ဟုလည်း အဖွဲ့ပြောခွင့်ရသူထံမှ သိရသည်။

Photo: KPSN

ထို့အတူ ပြည်တွင်းပြည်ပ ကရင်လူမျိုး၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာမှုအား နိုင်ငံတကာက သိရှိဖို့ ဝိုင်းဝန်းလက်တွဲ ထုတ်ဖော်ကြရန် လိုအပ်သည်ဟု နော်ဝါးခူရှီးက ဖြည့်စွက်တိုက်တွန်းသည်။

၎င်းက “ကျမတို့မှာ အချက်အလက် စုံစုံလင်လင် ရှိပေမယ့် ကျမတို့ ကရင်လူမျိုးအချင်းချင်း လိုင်းပေါ်မှာ စကားများရတာတွေ ရှိနေတော့ လိုရာပန်းတိုင်မရောက်ဘူး။ အမှန်တရားအတွက် ပြည်သူအပေါ် မတရားတဲ့ လုပ်ရပ်တွေအတွက် နိုင်ငံတကာထိရောက်ဖို့ ကျမတို့ ပြည်တွင်းဖြစ်စေ၊ နိုင်ငံခြားကရင်တွေဖြစ်စေ ကြိုးစား ပြသရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့က ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်အုပ်စု၏ ဒရုန်း၊ လေယာဉ် နှင့် လက်နက်ကြီး ပစ်ခတ်မှု၊ ရွာအတွင်း ဝင်ရောက်ကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု တို့ကြောင့် ကလေးငယ် (၁၈) ဦး ပါဝင်သော ဒေသခံ (၄၁) ဦး သေဆုံးခဲ့သည်။

မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တွင်လည်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ ဘိတ်-ထားဝယ် ခရိုင်တွင် မတ်လ (၉) ရက်၊ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀) ဦး သေဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း KPSN ထုတ်ပြန်ချက်အပါအဝင် ဒေသသတင်းအရင်းအမြစ်များက ပြောဆိုမှုရှိခဲ့သည်။

ယင်းဖြစ်ရပ်များမှာ စစ်ရာဇဝတ်မှု မြောက်သော်လည်း မြန်မာ့အရေး ဆွေးနွေးသည့် မတ်လ (၆) ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် စစ်အုပ်စု၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ မြန်မာပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် အလေးထားမခံရဆဲဖြစ်ပြီး လက်တွေ့ကျသည့် ရလဒ်တစ်စုံတစ်ရာ မထွက်ခဲ့ဟု KPSN က ထောက်ပြသည်။