မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲလာခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ) အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာရှိ ဝင်းဝ တပ်စခန်းကို ယမန်နေ့ မတ်လ (၁၁) ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ (၄)က သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂) နယ်မြေအတွင်းရှိ အဆိုပါ ဝင်းဝတပ် စခန်းကို KNLA တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၅၃) ဦး သေဆုံးကာ ၂၀၀ နီးပါးခန့် ထွက်ပြေးခဲ့ကြောင်း KNLA ဘက်က ပြောသည်။
KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက “သူတို့စခန်းမှာ တက်လာတဲ့ စစ်ကြောင်းတွေနဲ့က စုစုပေါင်း အယောက် ၂၅၀ ကျော်ရှိတယ်။ စကစဘက်က ထွက်ပြေးသွားတာတွေရှိတယ်ဆိုတော့ ရှင်းလင်းမှုတွေ ထပ်လုပ်ရဦးမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်ကတည်းက အဆိုပါ တပ်စခန်းကို KNLA ပူးပေါင်းတပ်တို့ စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၁) ရက်နေ့ ညနေ (၄) နာရီခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု ဝင်းဝတပ်စခန်းတွင် ခြေမြန်တပ်ရင်း – ခမရ (၄၀၅)၊ ခမရ (၄၀၉) တပ်ရင်းအပြင် စစ်ကြောင်း နှစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းထားခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲတွင် အရာရှိတပ်ဗိုလ် (၃) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများထဲတွင် တပ်ရင်းမှူး (၁) ဦးပါဝင်ကြောင်းလည်း KNLA ဘက်က ပြောသည်။
KNLA ပူးပေါင်းတပ်များ ဝင်းဝစခန်းသိမ်းတိုက်ပွဲ လုပ်ဆောင်နေစဉ်အတွင်း စစ်အုပ်စုဘက်မှ လေကြောင်း တိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့သောကြောင့် အနီးအနားရှိ ဒေသခံအရပ်သား နှစ်ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် တပ်စခန်းမကျစေရေးအတွက် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် စစ်ကူတက်လာသည့် ခမရ (၄၀၉) စစ်ကြောင်းမှာ စုံစင်ဖျားကျေးရွာသို့ ရောက်ရှိနေစဉ် အမျိုးသမီး (၅) ဦး အပါအဝင် အရပ်သား (၇) ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့သေးသည်ဟု သိရသည်။
ဝင်းဝစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ် (၂) ဦးဆောင်မှုဖြင့် KNLA တပ်မဟာ (၄) တပ်ရင်း (၁၂)၊ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ (၃၃) လက်အောက်ခံ T(5) တပ်ရင်းနှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။



















