Home သတင်း မူတြော်တွင် တစ်လအတွင်း တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွား၊ အာဏာသိမ်း စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးခဲ့

မူတြော်တွင် တစ်လအတွင်း တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွား၊ အာဏာသိမ်း စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးခဲ့

365
Photo: KNU

မတ်လ ၈ ရက်။ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တပ်မဟာ (၅) နယ်မြေ/မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လအတွင်း တိုက်ပွဲပေါင်း (၉၁) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်မှ (၁၃) ဦး သေဆုံးခဲ့ကြောင်း မတ်လ ၅ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

ယခုလို ဖေဖော်ဝါရီလ နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာရှိခဲ့ပြီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ ဘက်က သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦးအထိ ရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မူတြော်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက အရပ်သား ပြည်သူများရှိရာသို့ ဒရုန်းဖြင့် တိုက်ခိုက်မှု ၈ ကြိမ်၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂၁ ကြိမ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ အာဏာသိမ်းတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပါ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် နေအိမ် (၁) လုံးအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလလယ်အတွင်းက မူတြော်ခရိုင်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးသူ (၇) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ဆိုသည်။ အဆိုပါ လဝက်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူများ ရှိရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မူတြော်ခရိုင်တွင် ယခင်နှစ် ၂၀၂၅ ခုနှစ်၌ KNLA နှင့် စစ်အုပ်စုတပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း (၁၁၁၃) ကြိမ်အတွင်း စစ်အုပ်စုတပ်ဘက်မှ (၂၈၄) ဦး သေဆုံးပြီး (၄၅၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ပြုစုထားသော စာရင်းအရ သိရသည်။