Home သတင်း စစ်အုပ်စု လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်အတွင်း အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

စစ်အုပ်စု လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်အတွင်း အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

416
Photo: KNU

မတ် ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ မုန်းမြို့နယ်နှင့်ကျောက်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လ(၄)ရက်နှင့်(၅)ရက်နေ့တို့တွင် စစ်အုပ်စု လက်နက်ကြီးများကြောင့် အမျိုးသမီး(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်တွင် မတ်လ(၅)ရက်နေ့က ပိန်းဇလုပ်မြို့အခြေစိုက် စစ်အုပ်စု၏ ခြေလျင်တပ်ရင်း ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမ တစ်လုံးပစ်ခတ်သဖြင့် အင်းပရိတ်ကျေးရွာနေ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ခရိုင်ပြန်ကြားရေးက ဆိုသည်။

ထို့အပြင် မတ်လ(၄)ရက်နေ့ကလည်း မုန်းမြို့နယ်၊ နတ်လောင်းလေးရွာသို့ ဒရုန်းဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး(၁)ဦးနှင့်အမျိုးသား(၁)ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့သလို အသက်(၃၃)နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးမှာလည်း စစ်အုပ်စုထောင်ထားသော မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။

အထူးသဖြင့် ယခုနောက်ပိုင်း စစ်အုပ်စုက သုံးနေကျစစ်လက်နက်များအပြင် စက်တပ်လေထီးသုံး၍ လေကြောင်းတိုက်ခိုက်မှုများရှိလာကြောင်းလည်း ခလယ်လွီထူခရိုင်ရှိ ကေအဲန်ယူ အုပ်ချုပ်ရေးပိုင်းနှင့် ရွာခံအချို့တို့က ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ(၂)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ ကညင်ကျွန်းရွာတွင် ၁၂၀ မမ လက်နက် ကြီး(၆)လုံးကျရောက်ပေါက်ကွဲမှုနှင့် ဒရုန်းနှစ်လုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။