Home သတင်း ကော့ကရိတ်၊ ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်း တိုက်ပွဲပြင်းထန်

ကော့ကရိတ်၊ ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်း တိုက်ပွဲပြင်းထန်

510
Photo: Social Media

မတ် ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်း၊ အောက်ဘိုတဲနေရာတွင် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူး ပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေး မဟာမိတ်တပ်ထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်ရှိ ထိုလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာမှုအပြင် ထီးဖိုးစံရွာ၊ ရန်ကုတ်ရွာတို့ဘက်မှ စစ်အုပ်စုတပ်ဖွဲ့က အောက်ဘိုတဲနေရာသို့ လက်နက်ကြီး၊ ဒရုန်းအပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့ (၃၁) ဗျူဟာ စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

“မြေပြင်တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်။ အောက်ဘိုတဲနေရာကို သူတို့လိုချင်နေတာ။ အဲ့ဒါရမှ အာရှလမ်း ပြန်ဖွင့်လို့ရမယ့် အခြေအနေဆိုတော့ လေယာဉ်နဲ့ပါ ဗုံးကြဲတာ။ နောင်ကိုင်း၊ မိဖာလဲ၊ ရန်ကုတ်၊ အောက်ဘိုတဲ ဘုန်းကြီးကျောင်းနားအထိ လေယာဉ်လာကြဲတယ်။ ၉၇ တပ်ကနေ ဒရုန်းနဲ့ လက်နက်ကြီးပစ်တယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းသို့မဟာမိတ်ပူးပေါင်းတပ်များ မရောက်စေရေးအတွက် စစ်အုပ်စုက နဘူး-ရင်ကွဲတောင်ရှိ ၎င်းတို့စခန်းကုန်းနှင့် နွားခြံကုန်းရွာဘက်နေရာများတွင် နယ်မြေရှင်းလင်းခြင်းနှင့် စစ်အင်အားတိုးချဲ့တည်ဆောက်ခြင်းတို့ လုပ်ဆောင်နေခြင်းရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

Photo: Social Media

အမည်မဖော်လိုသူ ကျုံဒိုးဒေသခံ တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက “မနေ့ကညနေပိုင်း နွားခြံကုန်းပတ်ခြာလည်ကို စစ်တပ်ကမီးရှို့တယ်၊ ကျုံဒိုးကိုကပ်လာလို့မရအောင် ပစ်ကွင်းရှင်းတာမျိုးပေါ့။ ပြီးတော့ ရွာမှာဘန်ကာတွေ၊ ကတုတ်ကျင်းတွေဆောက်နေတယ်။ နဘူး-ရင်ကွဲတောင် စခန်းကုန်းကိုလည်း အခိုင်အမာ ပြန်ဆောက်နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်အုပ်စုစစ်ကူတပ်ဖွဲ့ အင်အား (၇၀) ဝန်းကျင်အား ကျုံဒိုးမှတစ်ဆင့် နဘူး-ရင်ကွဲတောင် စခန်းကုန်းသို့ အင်အားဖြည့်တင်းထားပြီး စစ်ဆေးရေးဂိတ်တည်ဆောက်၍ ဖြတ်သန်းသွားလာသည့် ဒေသခံများကို အစစ်အဆေးပြုလုပ်လျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။

အာရှလမ်းမကြီးပြန်ဖွင့်ရန် ဒေါနတောင်အောက်ဘိုတဲလမ်းပိုင်းနေရာကို စစ်ကြောင်းဝင်လာသည့် စစ်အုပ်စုသည် ပြည်တွင်းပြည်ပကုန်သွယ်ရေးအတွက် မော်တော်ယာဉ်များ လတ်တလော အစားထိုးအသုံးပြုလေ့ရှိသော ထို့ကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းနေရာများတွင်ပါ ထိန်းချုပ်တပ်စွဲနိုင်ရေး ပြင်ဆင်လျက်ရှိသည်ဟု စစ်အုပ်စုနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

အလားတူ နဘူးတိုက်နယ်အခြေစိုက် စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ (၅၄၇)၊ (၅၄၈)၊ (၅၄၉) တပ်ရင်းများမှ စစ်ကူစစ်ကြောင်းများသည် ကေအဲန်ယူ-တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်အတွင်း ထွက်ခွာရန် အင်အားပြင်နေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။