မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နွေဦးမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်ဟု The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယခုလို ထုတ်ပြန်လာခြင်းဖြစ်ပြီး ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်တွင် ရာသီဥတုပူပြင်းကာ နေအပူရှိန်ကြောင့် မြူများဆိုင်းနေမည်ဟုလည်း ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ လေဖိအားကြီးရပ်ဝန်းသည် တောင်တရုတ်ပင်လယ်မှ စိုစွတ်သော လေထုနှင့် တွေ့ဆုံခြင်းကြောင့် အဆိုပါ မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းဖြစ်ပေါ်မှုအရှိန်ကြောင့် ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်တွင်မူ ရာသီဥတုပူပြင်းပြီး မြူဆိုင်းနေမည်ဟု ခန့်မှန်းထားကာ အမြင့်ဆုံးအပူချိန်မှာ ၃၇ ဒီဂရီဆဲလ်စီးယပ်စ်မှ ၃၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်မည်ဟု ဆိုထားသည်။
ထိုင်းနိုင်ငံ အထက်ပိုင်းဒေသများတွင် ဆက်လက်ပူပြင်းနေမည်ဖြစ်သောကြောင့် အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် နွေဦးမုန်တိုင်းများကို ဂရုပြုရန်နှင့် ဟင်းလင်းပြင်နေရာများ၊ သစ်ပင်ကြီးများ၊ အဆောက်အအုံများနှင့် မခိုင်ခံ့သော ဆိုင်းဘုတ်ကြီးများအနီးတွင် နေထိုင်ခြင်းကို ရှောင်ကြဉ်ကြရန် လည်း မိုးဇလက အကြံပြု တိုက်တွန်းထားသည်။
ထို့အပြင် ပူပြင်းသော ရာသီဥတုအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လည်း အကြံပြု ထားသလို လိုအပ်သော ကြိုတင်ကာကွယ်မှုများကို ပြင်ဆင်ဆောင်ရွက်သွားလာကြရန်လည်း သတိပေး ပြောဆိုထားသည်။
အလားတူ ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန်ပင်လယ်အတွင်းရှိ ရေလုပ်သားများနှင့် သင်္ဘောသားများအနေဖြင့် မိုးသက်လေပြင်းတိုက်ခတ်နေသည့် ဧရိယာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်း အကြံပြုထားသည်။



















