ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တစ်နိုင်တစ်ပိုင် ထိုင်းကုန်ပစ္စည်း လာရောက် တင်ဆောင်သည့် ကားငယ်များကို စစ်အုပ်စုလက်အောက်ခံ ရဲများက မြို့ပြင်နေရာများ၌ လိုက်လံဖမ်းဆီးကာ အဆမတန် ငွေညှစ်တောင်းခံနေကြသည်ဟု ကားဖမ်းဆီးခံရသူများက ပြောသည်။
မြဝတီမြို့တွင် ကုန်ပစ္စည်း လာရောက်တင်ဆောင်သည့် ကားငယ်များကို မြို့အထွက်နေရာများ၌ ယခုရက်ပိုင်းအတွင်း စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးမှု ပိုလုပ်ဆောင်လာပြီး ဖမ်းဆီးခံရပါက ပစ္စည်းအနည်းအများပေါ် မူတည်ကာ ကားတစ်စီးကို အနည်းဆုံး ကျပ်ငွေ သိန်း ၂၀ အထက် ငွေညှစ်တောင်းခံလျက်ရှိသည်ဟု ကားအဖမ်းခံရသူထံမှ သိရသည်။
ကားဖမ်းဆီးခံခဲ့ရသူ နဘူးဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့က မြို့အထွက်နေရာတွေမှာ လိုက်ဖမ်းတာ။ ဂိတ်ချ စစ်ဆေးဖမ်းတာမဟုတ်ဘူး။ သူတို့ကားတစ်စီးနဲ့ လိုက်သွားတာတွေ့ရင် ဖမ်းလိုက်တယ်။ ကျမတို့ကားဆိုရင် ဖမ်းပြီး မြို့ထဲပြန်ပတ်မောင်းတာ ကားတောင်ပျက်သွားတယ်။ အစက သိန်း ၇၀ တောင်းတယ်။ သိန်း ၃၀ ပေးပြီး ပြန်လွတ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးထားသော တစ်ပိုင်တစ်နိုင်ကုန်တင်ကားငယ်များကို ရဲစခန်းအထိ ခေါ်ဆောင် သွားခြင်းမျိုး မဟုတ်ဘဲ လမ်းခုလပ်၌ ငွေညှစ်တောင်းခံပြီး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ကားသမားများက ပြောသည်။
ထို့အပြင် ကုန်စည်များသာမက ထိုင်းဘက်မှဝင်လာသည့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ဖမ်းဆီး၍ ငွေတောင်းငွေညစ်သည့်အပြင် ယာဉ်အချို့ကိုပါ သိမ်းဆည်းသွားခဲ့ကြောင်း ကားသမားများက ပြောသည်။
ထိုင်းကုန်စည်တစ်နိုင်တစ်ပိုင် တင်ဆောင်လာသည့်ကားများကို ယခုလို ဖမ်းဆီးစစ်ဆေးမှုများ လာနေသည့် အတွက် ကားမောင်းသူအချို့သည် ပစ္စည်းတင်ပို့သည့် လုပ်ငန်းရပ်လိုက်ရသည့် အခြေအနေထိ ရှိလာကြောင်း သိရသည်။
ထိုင်းကုန်ပစ္စည်းတင်ဆောင်လာသည့်ကားများကို မြို့ပြင်နေရာများတွင် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေသော်လည်း မြို့ထဲရှိ ထိုင်းကုန်စည်တင်သွင်းလာသည့် ဂိုဒေါင်များ၊ ဆိုင်ကြီးများကိုမူ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုမရှိကြောင်းလည်း မြို့ခံများက ပြောသည်။
“ဒီမြို့ထဲက ဆိုင်ကြီးတွေ၊ ကုန်ပစ္စည်းဂိုဒေါင်တွေက အများစုက လက်နက်ကိုင်အဖွဲ့နောက်ခံတွေနဲ့ လုပ်တော့ သူတို့ဝင်မဖမ်းဘူး။ ပြီးတော့ အဖွဲ့အစည်းက လွှတ်လိုက်တဲ့ ကားတွေဆိုရင်လည်း မဖမ်းဘူး။” ဟု နောက်ထပ် မြဝတီမြို့ခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-နယ်စပ် မြဝတီမှ ထိုင်းကုန်ပစ္စည်း တင်သွင်းလာသည့်ကားများကို ဖားအံမြို့ အဝင်နေရာများတွင်လည်း စစ်အုပ်စုလက်အောက်ခံတပ်နှင့် ရဲများမှ ဖမ်းဆီးစစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသလို မြို့ထဲရှိ ထိုင်းကုန်စည်ရောင်းသည့် ဆိုင်များကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပိုများလာကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးသိမ်းဆည်းထားသည့် ထိုင်းကုန်ပစ္စည်းများကို သက်ဆိုင်ရာ စစ်အုပ်စုတာဝန်ရှိသူနှင့် ၎င်းတို့ အသိုင်းအဝိုင်းများက တစ်ဆင့်ခံ ပြန်လည်ရောင်းချခြင်းလည်းလုပ်ဆောင်နေကြကြောင်း နီးစပ်သူများက ပြောသည်။



















