Home သတင်း ခွေးရူးပြန်ရောဂါပိုးကြောင့် မဲဆောက်မြို့ ရပ်ကွက်(၆)ခုကို ကူးစက်ရောဂါဇုန် သတ်မှတ်

ခွေးရူးပြန်ရောဂါပိုးကြောင့် မဲဆောက်မြို့ ရပ်ကွက်(၆)ခုကို ကူးစက်ရောဂါဇုန် သတ်မှတ်

499
Photo: Social Media

ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ လူနေရပ်ကွက်အချို့တွင် ခွေးရူးပြန်ရောဂါ (Rabies) ပိုး ကူးစက်ပြန့်ပွားမှုတွေ့ရှိရသဖြင့် ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှစတင်ပြီး တစ်လကြာအထိ ရပ်ကွက်(၆)ခုကို တိရစ္ဆာန်ကူးစက်ရောဂါဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အရေးပေါ်ကြေညာချက်ထုတ်သည်။

မဲဆောက်မြို့ရှိ ဆန်တွန်ပင်လူနေရပ်ကွက်အတွင်း ခွေးရူးပြန်ရောဂါပိုး စတင်တွေ့ရှိခြင်းဖြစ်ပြီး ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် မြို့မြောက်ဘက်တွင် မဲပရပ်ကွက်(အုပ်စု-၁)၊ တောင်ဘက်တွင် ဒွန်ချိုင်းနှင့် ရူမ်ရဲန်းရပ်ကွက်၊ အရှေ့ဘက်တွင် ဘန်နူရာဆာမတ်ခီးရပ်ကွက်နှင့် အနောက်ဘက်တွင် မဏီဖရိုင်စွန်နှင့် ကျောက်ကျောဆာမတ်ခီးရပ်ကွက်များအထိ နယ်မြေသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရောဂါထိန်းချုပ်ရေးကာလ ဖေဖော်ဝါရီလ ၁၃ ရက်မှ မတ်လ ၁၄ ရက်နေ့အထိ အဆိုပါ ရပ်ကွက်အတွင်းနေ တိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် ခွေး၊ ကြောင်နှင့် အခြားတိရစ္ဆာန်များကို သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်၏ ခွင့်ပြုချက်မရှိဘဲ နယ်မြေကျော်လွန်ရွှေ့ပြောင်းခြင်း လုံးဝမပြုလုပ်ရန်လည်း မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်တို့က တားမြစ်ထားသည်။

ထို့အပြင် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များ ဖျားနာခြင်း၊ ခုနစ်ရက်အတွင်း တစ်ကောင်ထက်မက ထူးဆန်းစွာသေဆုံးခြင်းများရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးပိုင်း သို့မဟုတ် တိရစ္ဆာန်ဆေးကုဌာနသို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး သေဆုံးသွားသော တိရစ္ဆာန်အသေကောင်များကိုလည်း တာဝန်ရှိသူများ လာရောက်စစ်ဆေးခြင်းမပြုမီအထိ မူလနေရာအတိုင်း ထားရှိရန်ရမည်ဟု ဆိုသည်။

စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိုင်းနိုင်ငံဥပဒေအရ ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။

ရောဂါဖြစ်ပွားနေသောနေရာအနီး နေထိုင်ကြသူများ၊ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို အပြင်သို့ ပေးမထွက်ရန်နှင့် လေလွင့်ခွေး၊ ကြောင်များဖြင့် ထိတွေ့မှုမရှိစေရန် သတိထားကြရမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက သတိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ၊ အနောက်ပိုင်းရှိ မဲဆောက်မြို့သည် ထိုင်းနှင့်မြန်မာ ကုန်သွယ်ရေးဗဟိုအချက်အချာလည်းကျ၍ မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင်၊ အလုပ်လုပ်ကိုင်သူအများအပြားရှိရာ မြို့ဖြစ်သည်။