Home သတင်း မဲဆောက်မြို့ ဘင်္ဂလားရပ်ကွက် အိမ်တန်းလျား မီးလောင်မှုဖြစ်ပွား၊ အိမ်ခန်း ၆ ခန်းပျက်စီး

မဲဆောက်မြို့ ဘင်္ဂလားရပ်ကွက် အိမ်တန်းလျား မီးလောင်မှုဖြစ်ပွား၊ အိမ်ခန်း ၆ ခန်းပျက်စီး

466
Photo: CJ

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဈေးကြီးအနီးရှိ ဘင်္ဂလားအိမ်ခန်းတန်းလျားတွင် ယနေ့ ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်တန်းလျားတစ်ဆောင်ရှိ အိမ်ခန်း ၆ ခန်း မီးလောင်ပျက်စီးသွားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီပေးသူက ပြောသည်။

အဆိုပါ အိမ်တန်းလျားအောက်ထပ်ရှိ လက်ဖက်ရည်ဆိုင်ခန်း မီးဖိုမီးမှ မီးလောင်မှု စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးသူတစ်ဦးက ယခုလို ပြောသည်။

” အိမ်တန်းလျားတစ်ခုလုံး မီးထဲပါသွားတယ်။ မဲဆောက်မီးသတ်က မီးညွန့်ကျိုးအောင် အရင်ငြိမ်း နေတယ်။ ၁၂ နာရီကျော်အထိ မီးငွေ့တွေ လောင်နေတုန်းပဲ၊ မီးအကြွင်းအကျန် နေရာတွေကို ဆက်ပြီး ရေဖျန်းငြိမ်းနေတယ်” ဟု ၎င်းက ပြောသည်။

Photo: CJ

ထိုသို့ အိမ်တန်းလျား မီးလောင်မှုအတွင်း မြန်မာပြည်သားများအရေး ဆောင်ရွက်သည့် အနာ ဂတ်ပန်းခင်း ရုံးခန်းလည်း မီးစွဲလောင်မှုကြောင့် မြန်မာရွှေ့ပြောင်းကလေးများ၏ မွေးစာရင်းအချက်အလက် စာရွက်စာတမ်းများနှင့် ရုံးတွင်းပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ သွားရောက်ကူညီသည့် မြန်မာနိုင်ငံသားတစ်ဦးကလည်း “အခု မီးလောင်တဲ့ မာမူဆိုင်ပေါ့။ လက်ဖက်ရည်ဆိုင်ကနေ စတဲ့မီးက ဘေးအခန်းက အနာဂတ်ပန်းခင်း ရုံးက ကလေး မွေးစာရင်း အထောက်အထားအချို့အပါအဝင် စာရွက်စာတမ်းတွေ မီးထဲပါသွားတယ်။ ရုံးခန်း၊ အိမ်ခန်းပစ္စည်းတွေရောပါပဲ” ဟု ပြောသည်။

အဆိုပါ မီးလောင်မှုကို မဲဆောက် မီးသတ်ဌာနနှင့် အရပ်ဖက် စေတနာဝန်ထမ်းများ၊ မဲဆောက် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်များက ရောက်ရှိ စစ်ဆေးနေပြီး မီးဘေးသင့် နေအိမ်ခန်းများတွင် နေထိုင်သူများအား ယာယီရွှေ့ပြောင်း နေရာချထားရန် စီစဉ်နေကြောင်း သိရှိရသည်။