Home သတင်း စစ်သင်တန်းတက် ကျောက်ခက်လူငယ်များကို ရပ်ရွာကာကွယ်ရေးအတွက် DKBA ပြန်လည်အသုံးပြုမည်

စစ်သင်တန်းတက် ကျောက်ခက်လူငယ်များကို ရပ်ရွာကာကွယ်ရေးအတွက် DKBA ပြန်လည်အသုံးပြုမည်

776

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခက်ကျေးရွာရှိ စစ်သင်တန်းအတွက်ခေါ်ယူစုဆောင်းထားသူ လူငယ်များအား မိမိတို့ရပ်ရွာကာကွယ်ရေးအတွက် သင်တန်းအပြီး နေရာပြန်လည်ချထားမည်ဖြစ်ကြောင်း DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလက်က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် ကျောက်ခက်ကျေးရွာအုပ်စုရှိ လူငယ်များကို DKBAက စစ်သင်တန်းဖမ်းဆီးပို့ဆောင်ခဲ့သည့်သတင်းများ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာအပြီး အဓိကနာမည်ထွက်သည့် DKBA အမှတ်(၁)စစ်ဒေသကွပ်ကဲရေးတာဝန်ရှိ ဗိုလ်မှူးချုပ်စိုင်းကျော်လှအဖွဲ့အပါအဝင် DKBA ကို အများပြည်သူက ဝေဖန်နေခြင်းဖြစ်သည်။

ထိုသတင်းနှင့်ပတ်သက်၍ အများထင်သလို ပေါ်တာဆွဲ၊ တပ်သားစုဆောင်းခြင်းမဟုတ်ဘဲ တစ်အိမ်တစ်ယောက်စစ်မှုထမ်းစနစ် ကျောက်ခက်တွင် ကျင့်သုံးရန်အစပြုခြင်းသာဖြစ်သလို သင်တန်းပြီးဆုံးပါကလည်း ရပ်ရွာအတွက်ကာကွယ်ရေးတာဝန်ပြန်လည်နေရာချသွားမည်ဟု DKBA ပြောခွင့်ရသူကဆိုသည်။

“တစ်အိမ်တစ်ယောက်မနေရ ကျင့်သုံးဖို့ကျနော်တို့စလုပ်တဲ့ဟာကို တချို့က နည်းနည်းလေးနားလည်မှုလွဲပြီး အပြင်ရောက်သွားတာရှိတယ်။ အမှန် ကိုယ့်ရပ်ရွာကိုကာကွယ်ဖို့ DKBA က စစ်သင်တန်းပေးတဲ့သဘောပါ။ အဲဒါကိုမလုပ်ချင်ကြတော့ စစ်သားစုဆောင်းတယ်ဆိုပြီး ဝေဖန်တယ်။ ကျနော်တို့အနေနဲ့က စစ်သင်တန်းတက်ပြီးရင် အရပ်သားပဲ ကိုယ့်အိမ်ကိုယ်ပြန်လာနေ အရေးပေါ်လာရင်ခုခံကာကွယ်လို့ရအောင်ပါ” ဟု စောဖားဘလက်က ပြောသည်။

ကျောက်ခက်ရှိ သတင်းအရင်းအမြစ်တချို့ကမူ ဇန်နဝါရီ(၃)ရက်နေ့၊ ညနေပိုင်းတွင် ပြောင်းခြံ၊ တရုတ်ဆိုဒ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လူငယ်လူရွယ်အမျိုးသားများကို DKBA ကဖမ်းဆီးခဲ့သည်။ ထို့နောက် ဆုံဆည်းမြိုင် တောင်နီ စစ်သင်တန်း နေရာနှင့် ကျောက်ခက်စစ်သင်တန်းနေရာသို့ ခေါ်ဆောင်သွားကြောင်း ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

“ကောက်ခါငင်ကာကြီးဗျာ ညနေပိုင်းကြီး ၁၀ ဘီး၊ ၁၂ ဘီးပြောင်းဆန်သယ်တဲ့ကားကြီးတွေနဲ့ လိုက်ဖမ်းတာ၊ တရုတ်ဆိုဒ်တွေ၊ ရွာထဲကအိမ်တွေ၊ ပြောင်းရုံ၊ ‌ပြောင်းခြံမှာနေတဲ့သူတွေ အကုန်ပါကုန်တယ်။ ပြီးတော့ကားနဲ့တင်ပြီး DKBA စစ်သင်တန်းကို ပို့တယ်” ဟု ကျောက်ခက်ဒေသခံတစ်ဦးက ဇန်နဝါရီလဆန်းရက်အတွင်း ပြောသည်။

ထို့အပြင် တခြားဒေသမှကျောက်ခက်သို့ လာရောက်နေထိုင်ပြီး ခိုက်ရန်ဖြစ်ပွား၊ ခိုးယူမှုနှင့် စည်းမဲ့ကမ်းမဲ့သွားလာနေသူအချို့လည်း DKBA က ဖမ်းဆီးစစ်သင်တန်းပို့ ဆောင်သည့် အတွင်းပါဝင်ကြောင်း ကျောက်ခက်ကျေးရွာအုပ်ချုပ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

နောက်ထပ် DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောစိန်ဝင်းကမူ စည်းကမ်းမဲ့ရမ်းကားသွားလာနေကြသည့် လူငယ်တချို့ကို ထိန်းသိမ်းပြီးစစ်သင်တန်းပေးရန်ခေါ်ယူခြင်းသာဖြစ်၍ ပေါ်တာဆွဲခြင်းမဟုတ်ဟု သတင်းဌာနတစ်ခုကို ဖြေကြားထားသည်။

အမည်မဖော်လိုသူ ရွာအုပ်ချုပ်ရေးသတင်းအရင်းအမြစ်က “ကျောက်ခက်မှာ စည်းကမ်းမရှိဘူး၊ ခိုးတာတွေများလာတယ်၊ ရန်ဖြစ်သောက်စားပြီး နေချင်သလိုနေတာတွေလည်း များလာတယ်၊ အဲ့လိုဆိုတော့ DKBA ကစည်းကမ်းထိမ်းတဲ့သဘော စစ်သင်တန်းဖမ်းပို့လိုက်တာပဲ အခု‌တော့ငြိမ်သွားကြပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ဆုံဆည်းမြိုင်မှ DKBA တပ်ဖွဲ့ဝင်အနေဖြင့် စစ်သင်တန်းတက်မည့်သူများအပါအဝင် DKBA စစ်သင်တန်းသင်တန်းပေးရန်ရှိသည့် လူငယ်၊လူရွယ် ၃၀၀ မှ ၄၀၀ ဝန်းကျင်အကြားရှိနေပြီး သင်တန်းကာလ(၃)လကြာမြင့်မည်ဖြစ်ကြောင်းလည်း တပ်ဖွဲ့ထံမှသိရသည်။

ယခင် ၂၀၂၂၊ ၂၀၂၃ ခုနှစ်ကလည်း ဆုံဆည်းမြိုင်၊ ဘလယ်ဒို၊ ဥကရစ်ထ၊ ဝေါလေ အစရှိသည့် DKBA ထိန်းချုပ်ရာကျေးရွာများတွင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်အိမ်တစ်ယောက် စစ်သင်တန်းခေါ်ကာ ဆန္ဒအလျောက်တပ်ဖွဲ့ဝင်လိုသူများကို DKBA တပ်သားသစ်အဖြစ်တာဝန်ပေးခဲ့ဖူးကြောင်း DKBA အပါအဝင် ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ဆိုသည်။