Home သတင်း DKBA ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းပြီးနောက် တရားဝင် ရာထူးတာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

DKBA ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းပြီးနောက် တရားဝင် ရာထူးတာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

603
Photo: DKBA

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ၏ ထိပ်ပိုင်း ခေါင်းဆောင်များ ပြောင်းလဲမှု တရားဝင် ရာထူးပေးအပ်ပွဲကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ၎င်းတို့ ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်၊ ကော်သူးမွဲခီး၌ အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက (၁၉) ကြိမ်မြောက် နှစ်ကုန်တပ်မှူး စုံညီအစည်းအဝေး၌ ပြုလုပ်ခဲ့သော ထိပ်ပိုင်း ခေါင်းဆောင်များ ပြောင်းလဲမှုကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလို တရားဝင် ရာထူးပေးအပ်ပွဲကို အခမ်းအနားဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနား၌ ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုဗိုလ်အဆင့်အထိ စုစုပေါင်းအရာရှိအဆင့် (၉၉)ဦးအား အသီးသီးပေးအပ်ခဲ့ပြီး တာဝန်‌ပေးအပ်ခဲ့မှု အတိုင်း အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု ၎င်းအခမ်းအနားတွင် စစ်ဦးစီးချုပ်တာဝန်အသစ်ခန့် အပ်ခံလိုက်ရ‌သော ဗိုလ်ချုပ်ကြီး စောရွှေဝ က ယခုလိုပြောသည်။

“ ဒီနေ့မှာတော့ ကျနော်တို့ ရာထူးတွေ တပ်ပေးတယ်၊ တာဝန်တွေ ခွဲဝေပေးတယ်။ အခုဆိုရင် အဖူး စတီးနေရာမှာ ကျနော်က တာဝန်ယူလိုက်တယ်။ ကျနော့်သဘောထားကတော့ ကွဲကွာနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကို တစ်စုတစ်စည်းထဲပဲ ရှိစေချင်တယ်။ မျှော်လည်း မျှော်လင့်တယ်။ ကျနော့်အနေနဲ့လည်း အကောင်းဆုံး လုပ်ဆောင်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြည်သူလူထုများနှင့်အတူ ရပ်တည်ပြီး ၎င်းတို့၏ လုံခြုံရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားရန်လည်း အဆင်သင့်ရှိနေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောရွှေဝ ဖြည့်စွက်ပြောသည်။

ဒီဇင်ဘာလ ၂၁ရက်မှ ၂၄ ရက်နေ့အထိ လေးရက်တာ ပြုလုပ်ခဲ့သည့် DKBA၏ (၁၉) ကြိမ်မြောက် နှစ်ကုန် တပ်မှူး စုံညီအစည်းအဝေး၌ DKBA ၏ ထိပ်ပိုင်းခေါင်းဆောင်များကို အပြောင်းအလဲပြုလုပ်ခဲ့သည်။ ယခင် စစ်ဦးစီးချုပ်တာဝန် ယူထားသည့် ဗိုလ်ချုပ် ကြီး စောစတီးကို ဗဟိုအကြံပေးအဖွဲ့၏ ဦးဆောင်နာယကကြီးအနေဖြင့် ပြန်လည်တာဝန်ယူပြီး ၎င်းနေရာတွင် ဗိုလ်ချုပ်ကြီး စောရွှေဝကို ပြန်လည်တာဝန်ပေးအပ်ခဲ့သည်။

Photo: DKBA

ထို့နောက် လစ်လပ်သွားသည့် ဒုစစ်ဦးစီးချုပ်တာဝန်ကို DKBA ၏ အမှတ် (၂)စစ်ကွပ်ကဲရေးမှူး တာဝန် ယူထားသူ ဗိုလ်မှူးချုပ် စောဘငြိမ်းအောင်ကို တာဝန်ပေးအပ်ခဲ့သည်။ အွန်လိုင်းငွေလိမ် လုပ်ငန်းကြောင့် အမေရိကန်၏ အမည်ပျက်စားရင်းတွင် ပါဝင်သည့် ဗိုလ်မှူးချုပ် စိုင်းကျော်လှကိုမူ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်ခဲ့သည်။

၂၀၁၀ က စစ်တပ်၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လက်မခံဘဲ သီးခြားရပ်တည်လိုသည့် DKBA တပ်ဖွဲ့ဝင်အချို့သည် တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)အမည်ကနေ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) အနေဖြင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး စစ်တပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ဖူးသည်။

ထိုမှတဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာပြီးနောက် ကေအဲန်ယူ၏ နိုင်ငံရေး ဦးဆောင် မှုဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ကရင်လက်နက်ကိုင်ညီညွတ်ရေးအတွက် ပြောဆိုနေသော်လည်း မိခင်အစည်းအရုံးကနေ ခွဲထွက်ခဲ့သည့်နေ့ကို DKBA တပ်ဖွဲ့၏ ဖွဲ့စည်းတည်ထောင်ခြင်းနေ့အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် DKBA ၏ ၃၁ နှစ်ပြည့် အခမ်း အနားကို ၎င်းတို့ ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင်၌ ပြုလုပ်ကျင်းပခဲ့သည်။

အလားတူ ကြာအင်းပေါ်တော်မူ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဗိုလ်ဘိ ဦးဆောင်သည့် ယခင် တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော်-DKBA တပ်ဖွဲ့လည်းရှိနေသေးပြီး လက်ရှိ စစ်တပ်နှင့် ပူးပေါင်းကာ ကေအဲန်ယူကို တိုက်ခိုက်နေသည့် အဖွဲ့လည်းဖြစ်သည်။