Home သတင်း မြန်မာလူငယ်အများစု အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှုကြောင့်လုံခြုံရေးစိုးရိမ်ချက် မြင့်မား

မြန်မာလူငယ်အများစု အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှုကြောင့်လုံခြုံရေးစိုးရိမ်ချက် မြင့်မား

805
Photo- RFA

အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြို့ပြအပါအဝင် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားလက်နက်ကိုင်ဒေသရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ် အတွင်း လူငယ်လူဦးရေ ငါးသန်းခန့်မှာ စစ်မှုထမ်းရန်အတင်းအဓမ္မခိုင်းစေခံနိုင်ခြေကြောင့် ဘေးကင်းလုံ ခြုံရေးအတွက် စိုးရိမ်ချက်မြင့်မားနေကြောင်း ကုလသမဂ္ဂဖွံဖြိုးတိုးတက်ရေး အစီအစဥ် (UNDP)၏ အစီရင်ခံစာအရ သိရသည်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ယိုယွင်းပျက်စီးခြင်းမှ ရာဇဝတ်မှု ပေါများလာသည့်အပြင် ၂၀၂၄ ခုနှစ်က စစ်မှုထမ်းဥပဒေအသက်ဝင်လာခြင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ စစ်မှုထမ်းခေါ်ယူရေး ကြိုးပမ်း ခြင်းတို့ကြောင့် အကြောက်တရားပိုဖြစ်လာသည်ဟု UNDP က ဆိုသည်။

အထူးသဖြင့် စစ်မှုထမ်းဥပဒေအောက်တွင် ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးခြင်း၊ အတင်းအကြပ် တပ်သားစုဆောင်းခံနေရခြင်းတို့ကြောင့် လူငယ်(၇)ဦးအနက် (၁)ဦးမှာ စိတ်ဖိစီးမှုပိုလာသည်။ ကချင်၊ ကယား၊ ရခိုင်၊ ချင်းကဲ့သို့ ပဋိပက္ခဒေသများတွင်အဖြစ်ပိုများပြီး လူငယ်အများစုမှာ အတင်း အဓမ္မစစ်မှုထမ်း စေခိုင်းခံရနိုင်ခြေကြောင့် မိမိတို့ဘေးကင်းလုံခြုံရေး စိုးရိမ်ပူပန်နေရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

လူငယ် ၄၀ ရာခိုင်နှုန်းသည် ညအချိန် တစ်ဦးတည်းလမ်းလျှောက်ပါက လုံခြုံမှုလုံးဝမခံစားရသည့် အခြေအနေကို စစ်တပ်အာဏာမသိမ်းခင်ကထက် နှုန်းထား ၂ ဆကျော်ပို၍ တွေ့ကြုံခံစားကြရသည်ဟုလည်း UNDP က ၎င်းတို့စစ်တမ်းကောက် ရလဒ်အရ သုံးသပ်သည်။

တရားရေးစနစ်ပျက်ပြား၍ ရဲနှင့်တရားရုံးကို ယုံကြည်ကိုးစားနိုင်သော အဖွဲ့အစည်းများအဖြစ် မမြင်နိုင်ကြတော့သောကြောင့် လူငယ်အများစု၏ စိတ်ပိုင်းဆိုင်ရာကို ဖိစီးမှုကိုလည်း ပိုမိုများပြား လာစေကြောင်း အစီရင်ခံစာက ဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြန်မာလူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ လုံခြုံ ရေးစိုးရိမ်ချက်ကို သိနားလည်ရန်၊ စိတ်ကျန်းမာရေးအထောက်အပံ့ပေးရန်တို့ လိုသည်ဟု UNDP က ထောက်ပြသည်။

စစ်မှုထမ်းခိုင်းစေခံရခြင်းအပါအဝင် ရာဇဝတ်မှုပေါကြွယ်ဝခြင်း၊ ဘိန်းနှင့်ဓါတုမူးယစ်ဆေး ထုတ်လုပ် မှုကြီးမားခြင်း၊ ရာဇဝတ်ဂိုဏ်းများ အာဏာလွှမ်းမိုးခြင်းတို့ကြောင့် UNDP ၏ ကမ္ဘာလုံးဆိုင်ရာ ရာဇ ဝတ်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာဇဝတ်မှုအများဆုံးတွေ့ကြုံရသည့်နိုင်ငံဖြစ်ကြောင်း သိရသည်။