အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ရပ်တန့်ရေးအပါအဝင် အရပ်သားများ အကြမ်း ဖက်တိုက်ခိုက်ခံရမှု အကာအကွယ်ရေးနှင့် နိုင်ငံတကာစံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အာဆီယံသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပါဝင်သည့် မဟာမိတ်(၂၀)ဖွဲ့က တောင်းဆိုလိုက်သည်။
ယနေ့ (အောက်တိုဘာ ၁၁)ရက်စွဲဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံနှင့် မြန်မာ့ပဋိပက္ခအရေးတွင် ပါဝင်ပတ်သက်သူများ၏ တွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိလာသော အကြံပြုချက်၊ ရလဒ်နှင့် ဆွေးနွေးချက်များကို မဟာမိတ်အဖွဲ့အသီးသီးမှ ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရေးအခြေအနေ၊ သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်မှ ကွဲလွဲနေသည့် စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် နိုင်ငံတကာစံနှုန်းနှင့် ဘုံသဘောတူညီချက်(၅)ရပ်မှ အကျုံးမဝင်သော စစ်အုပ်စု၏ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စောင့်ကြည့်ဖော်ထုတ်ရေး ယန္တရား အားကောင်းလာရန်၊ လူသားချင်းစာနာအကူအညီပေးနေသည့်အဖွဲ့များကို အကာအကွယ်ပေးရန်တို့ပါဝင်သော အရပ်သားများအကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးရေး အပြင် အချက်(၅)ချက်ကို အာဆီယံသို့ မဟာမိတ်အဖွဲ့များက တောင်းဆိုသည်။
ယင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများနှင့်နိုင်ငံတ ကာလူသားစာနာနှင့် လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေသည့် စစ်အုပ်စု၏အကြမ်းဖက် လုပ်ရပ်များအပေါ် အရေးယူရန်၊ တာဝန်ယူတာဝန်ခံမှုရှိရန်နှင့် မတရား ဖမ်းဆီးခံထားရသူများကို ချက်ချင်းပြန်လွှတ်ပေးရန်တို့လည်း ပါဝင်သည်။
မလေးရှားနိုင်ငံက အာဆီယံကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်ကာလအတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ စစ်အုပ်စု အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ(၉)ရက်နေ့က မလေးရှားသံတမန်နှင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာအထူးကိုယ်စားလှယ်တို့ နေပြည်တော်၌ စစ်အုပ်စုနှင့်သွားရောက်တွေ့ဆုံမှုတွင်လည်း ဘုံသဘောတူညီချက်တွင်ပါဝင်သည့် အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးစကားဝိုင်းဖြစ်ပေါ်လာရေး တို့ကို ဆွေးနွေးခဲ့ကြသေးသည်။ ၎င်းတွင် စစ်အုပ်စုဘက်ကလည်း ရွေးကောက်ပွဲကိစ္စ အလေးပေးပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်အုပ်စု၏ရာဇဝတ်မှုများအပေါ် အရေးယူနိုင်ရေး၊ ရွေးကောက်ပွဲကို အာဆီယံကပါ ဆန့်ကျင်ရေး ကြိုးပမ်း၍ အာဆီယံကိုယ်စားလှယ်နှင့်တွေ့ဆုံ တောင်းဆိုကြသည့် အတိုက်အခံ မဟာမိတ်အဖွဲ့များတွင် ကေအဲန်ယူအပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ-NUCC နှင့် ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်-CRPH တို့လည်း ပါဝင်သည်။
၎င်းအပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့-NMSP(AD)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ-IEC ကဲ့သို့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် ကျောင်းသားတပ်မတော်-ABSDF၊ စစ်ကိုင်းဖိုရမ်၊ Anti-Junta Forces Coordination Committee-Mandalay လို တော်လှန်ရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များလည်း ပူးပေါင်းပါဝင်ထားသည်။



















