Home သတင်း ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲမှု စစ်အုပ်စု တာဝန်ခံရမည်ဟု တက်ကြွလှုပ်ရှားသူများပြော

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲမှု စစ်အုပ်စု တာဝန်ခံရမည်ဟု တက်ကြွလှုပ်ရှားသူများပြော

612
Photo: Social Media

အောက်တိုဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကလေးသူငယ်များပါဝင်သော လူ ၄၀ ဦးအထိ ထိခိုက်သေဆုံးစေခဲ့သည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဆီမီးသပိတ် ဗုံးကြဲခံရမှုသည် စစ်အုပ်စုက သေချာပေါက်တာဝန်ခံရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်ည ၈ နာရီဝန်းကျင်ခန့်တွင် ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ မူလတန်းကျောင်း၌ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆီမီးသပိတ်ပြုလုပ်နေစဥ် စစ်တပ်၏ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တက်လာသည့် အင်ဂျင်တပ်လေထီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၈ နှစ်အောက် ကလေး ၃ ဦးအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူအချို့တွင် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပြတ်တောက်ခဲ့ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးအနက် ထက်ဝက်မှာ အသက် ၁၈ နှစ်အောက် ကလေး များဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှု‌ပေါင်းများစွာကို အကြိမ် ရေများစွာဖြင့် ယနေ့ထိတိုင် ကျူးလွန်နေပြီး ၎င်းသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများသာမက နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဥ်းသားအရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသည့် (AAPP) အဖွဲ့မှ ကိုတိတ်နိုင်က ပြောသည်။

Photo: Social Media

“ တချိန်မှာ စစ်အုပ်စုဟာ ဒီအတွက် သေချာပေါက် တာဝန်ခံရမှာဖြစ်ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေကို ရှောင်လွှဲလို့ မရပါဘူး။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရမှာပါ” ဟု ကိုတိတ်နိုင်က ကေအိုင်စီသို့ ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုအခါ စာသင်ကျောင်းအနီး ဒေသခံပြည်သူများသည် ဘေး လွှတ်ရာသို့ ယာယီတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရသူများထဲတွင် ဆေးကုသရန် ငွေကြေး အခက်အခဲများ ကြုံတွေ့နေရကြောင်းကိုလည်း NUG ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) စီမံခန့်ခွဲရေးအဖွဲ့ဝင် နိုင်အဲမွန်ကလည်း “ဒီချိုးဖောက်မှုဟာ Serious Violations of International Humanitarian Law (IHL) နဲ့ စစ်ရာဇဝတ်အထိ မြောက်လောက်တဲ့ ကျူးလွန်မှုဖြစ်ပါတယ်။ ဝါကျွတ်မီးထွန်းပွဲ ဆိုတာ သိသိကြီးနဲ့ အရပ်သားတွေကို သတ်ဖြတ်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ပြဌာန်းချက်အရ ဒါဟာ War Crime လုံးဝမြောက်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းမှစတင်ကာ ဩဂုတ်လအထိ ရှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူပေါင်း ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသော စာရင်းအရ သိရှိရသည်။