Home သတင်း သရက်ချောင်းတွင် စစ်အုပ်စု မီးရှို့မှုကြောင့် ကျေးရွာ (၃) ရွာရှိ နေအိမ်များ ဆက်တိုက်ပျက်စီးခဲ့ရ

သရက်ချောင်းတွင် စစ်အုပ်စု မီးရှို့မှုကြောင့် ကျေးရွာ (၃) ရွာရှိ နေအိမ်များ ဆက်တိုက်ပျက်စီးခဲ့ရ

625
Photo: KNU

အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာ အတွင်း စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃) ရွာရှိ နေအိမ်များ ဆက်တိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်များမှ သိရသည်။

ထိုစစ်ကြောင်းကြောင့် စက်တင်ဘာ (၇) ရက်နေ့တစ်ရက်တည်း သင်းကျွန်းရွာ၊ ရန်တောင်ရွာမှ နေအိမ်အလုံး (၄၀) မီးလောင်ပြာကျခဲ့ရပြီး ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်အုပ်စုရောက်ရှိနေသော ကျောက်လှေကားရွာ၌ ထပ်မံ၍ နေအိမ် မီးရှို့မှု ကျူးလွန်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သရက်ချောင်းဒေသခံ အမျိုးသားတစ်ဦးက “ကျောက်လှေကားမှာ ရှို့တာလည်း အဲဒီစစ်ကြောင်းပဲ။ အိမ်တွေကို ရှို့နေတာတော့ သေချာတယ်။ ဘယ်နှစ်အိမ်ပါသွားလဲ မသိရသေးဘူး။ အခုထိ သူတို့ ကျောက်လှေကားရွာက ပြန်မထွက်သေးဘူး” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ချက်အရ တပ်မဟာ (၄) နယ်မြေအတွင်းရှိသည့် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာ၌ ယမန်နေ့က အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး မီးရှို့မှု လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၄) ဘက်က ထုတ်ပြန်သည်။

ထို့ကြောင့်လည်း တိုက်ပွဲနှင့် မသက်ဆိုင်သော ကျောက်လှေကားရွာမှ နေအိမ် (၇၃) လုံး မီးလောင်ပျက်စီးသွားသည်ဟု ဖော်ပြသည်။

သရက်ချောင်းအခြေစိုက် တပ်ရင်း (၃) ရင်း၊ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် အဆိုပါ စစ်အုပ်စု စစ်ကြောင်းသည် တိုက်ပွဲ ဖြစ်ပြီးသည့်နောက် အင်အား ဖြည့်တင်းထား၍ ယနေ့ နံနက်ပိုင်းအထိ လေကြောင်း ပျံဝဲမှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲက ရွာအနားမှာပဲ ဖြစ်တယ်လို့ ပြောတယ်။ ဒီမနက်ကအထိ လေယာဉ် လာဝဲနေတာ။ ပစ်ချသံတော့ မကြားရသေးဘူး။ နဂိုကစ စကစ အင်အား ၂၀၀ ဝန်းကျင်လား၊ အဲ့လောက်ပဲရှိတာ။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတော့ အင်အားတွေ ထပ်ဖြည့်ထားတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲကြောင့် ဒေသခံများ ကျောက်လှေကားရွာအပြင် အနီးအနားရွာများ လတ်တလော နေအိမ် မပြန်ရဲသေးပေ။ ၎င်းအပြင် ရန်တောင်နှင့် သင်းကျွန်းရွာရှိ မီးရှို့ခံလိုက်ရသည့် အိမ်ရှင် ဒေသခံများမှာလည်း ပြန်လည်ထူထောင်ရေး လိုအပ်ချက်ရှိသည်ဟု စစ်ရှောင်အရေးအကူအညီပေးနေသူများက ဆိုသည်။

FE5 Tanintharyi အဖွဲ့၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ်ဝက်အထိ တနင်္သာရီတိုင်း၌ စစ်အုပ်စုကြောင့် အရပ်သား ပြည်သူပိုင် နေအိမ် တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။