Home သတင်း သရက်ချောင်းမြို့နယ်က အရပ်သား (၁) ဦးကို စစ်အုပ်စု နှိပ်စက်သတ်ဖြတ်

သရက်ချောင်းမြို့နယ်က အရပ်သား (၁) ဦးကို စစ်အုပ်စု နှိပ်စက်သတ်ဖြတ်

10
Photo: KNU

အောက်တိုဘာ (၉)ရက်၊ ၂၀၂၆ ခုနစ်၊ ကေအိုင်စီ။

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်နေ အရပ်သား(၁)ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ(၆)ရက်နေ့က စစ်အုပ်စုမှ ဖမ်းဆီး နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့၊ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း သဘာဝဘေးဒဏ်ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည့် ထားဝယ်ခရိုင်သို့ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၄၀၃, ၄၀၄, ၄၀၉ ပူးပေါင်းစစ်ကြောင်းသည် တောင်ဇင်းအုပ်စု၊ ထီးမဲ့ဘော(သဲချောင်းကြီးကျေးရွာ)သို့ ထိုရက်က စစ်ကြောင်းထိုးဝင်ရောက်စဥ် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

သေဆုံးသူသည် စစ်အုပ်စု၏အကြောင်းအရင်းမရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းနှင့်ပတ်သက်သော ကိုယ်ရေးအချက်အလက်များကို ခရိုင်တာဝန်ရှိသူထံ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကျန်ရစ်သူမိသားစုများ လုံခြုံရေးအတွက် တုံ့ပြန်ဖြေကြားခြင်းမရှိပါ။

Photo: CJ

သို့ရာတွင် အင်အား ၂၀၀ ခန့်ရှိသည့် အဆိုပါ စစ်အုပ်စုတပ်ရင်း(၃)ခုပေါင်းစစ်ကြောင်းသည် သရက်ချောင်းအောက်ဘက်ရှိ ဝင်းဝရွာကို ကျော်လွန်ပြီးနောက် (၆) ကြိမ်တိုင်တိုင် စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ရေဘေးအကြီးအကျယ်မဖြစ်ပွားခင်ကလည်း စစ်အုပ်စုတပ်ဖွဲ့များသည် ကျေးရွာများဘက်သို့ စစ်ကြောင်းမကြာခဏထိုးခြင်းရှိသည်ဟု ဒေသခံများကဆိုသည်။ ထို့အပြင် စစ်ကြောင်းလှည့်လည်နေစဥ် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့်ဖြစ်စဥ်များ ရှိခဲ့ဖူးသလို ပြီးခဲ့သည့် စက်တင်ဘာလထဲတွင်ပင် လောင်းလုံးနှင့်သရက်ချောင်းရှိ အမျိုးသမီး(၁)ဦးပါဝင်သော ဒေသခံ(၃)ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ခြင်းရှိခဲ့သည်။