အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်အထိ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်း သေဆုံးဦးရေ ၃၀၀၀ ကျော်ရှိလာသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သော မှတ်တမ်းများ၌ ဖော်ပြထားသည်။
လက်ရှိ အချိန်ထိ စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အရပ်သားထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးငယ် (၆၄၇) ဦး အပါအဝင် အမျိုးသမီး(၁၃၇၀)ဦးနှင့် အမျိုးသား(၁၆၅၃)ဦးဖြစ်သည်။ ၎င်းတို့ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး AAPP က အတည်ပြုနိုင်ခြင်းမရှိသေးသည့် သေဆုံးသူ ၂၆၉၀ ဦးဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။
အဆိုပါ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားများအနက် စစ်ကိုင်းတိုင်းသည် သေဆုံးသူ စုစုပေါင်း ၈၀၀ ကျော်ဖြင့် ပထမနေရာတွင် ရှိနေသည်။ ကရင်ပြည်နယ်တွင် သေဆုံးသူ တစ်ရာကျော်ရှိကာ ဒုတိယနေရာတွင် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်မှ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အရပ်သားများ၏ ထိခိုက်သေဆုံးမှုသည် နေ့စဥ် နှင့်အမျှ တိုးလာသလို နေအိမ်အဆောက်အအုံ၊ ဘာသာရေးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံ စသည်တို့လည်း လက်နက်ကြီးနှင့် လေကြောင်းတို့ကြောင့် အများဆုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ဘက်၊ အရပ်ဘက် စစ်ဘက်ခွဲခြားခြင်းမရှိသည့် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသော စစ်အုပ်စုကြောင့် အရပ်သားများသည် အစာအာဟာရ မလုံလောက်ခြင်းနှင့်အတူ အသက်အန္တရာယ် စိုးရိမ်မှုဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုလို အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား မျက်ကွယ်မပြုဘဲ ကျူးလွန်သည့် အာဏာသိမ်းစစ်တပ်အား ထိရောက်သော အရေးယူမှု ဆောင်ရွက်ပေးရန် ပြည် သူများအတွက် တရားမျှတမှုနှင့် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအထောက်အပံ့များလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု AAPP က တိုက်တွန်း ပြောဆိုထားသည်။
အာဏာသိမ်း စစ်အုပ်စုသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံတဝှမ်း လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုပေါင်း (၂၁၁) ကြိမ် ပြုလုပ်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုစုစုပေါင်း ၆၀၅ ခုကို ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော မှတ်တမ်းအရ သိရသည်။



















