Home သတင်း ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုက မြို့ပတ်ဝန်းကျင် လက်နက်ကြီးပစ်၍ အင်အားများတိုးချ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုက မြို့ပတ်ဝန်းကျင် လက်နက်ကြီးပစ်၍ အင်အားများတိုးချ

11
Photo: SAC (ပုံဟောင်း)

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲရှိ ကျုံးဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုတပ်ရင်းများမှ ကျုံဒိုးမြို့ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ပြီး အင်အားများတိုးမြှင့်ချထားကြောင်း ကျုံဒိုးစစ်အုပ်စုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။

အချက်အချာကျပြီးအရေးပါသည့် အဆိုပါလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ခိုက်မည့်သတင်းထွက်ပေါ်နေချိန် ယခုအောက်တိုဘာ ဒုတိယအပတ်ထဲတွင် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ(၅၄၅)၊ (၅၄၆) တပ်များက မြို့အပြင်ဘက်ကျေးရွာများသို့ လက်နက်ကြီးများပစ်၍ အင်အားတိုးချထားသည်ဟု ကျုံဒိုးနေ စစ်အုပ်စုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကျုံဒိုးဘက်ကမ်းကို ကပ်မလာအောင် စစ်တပ်က လက်နက်ကြီးတွေပစ်နေတာ။ နောင်ထပ္ပံ တို့ ကျောက်ဖျာတို့ဘက်အထိ လက်နက်ကြီးရောက်တော့ ရွာသားတွေပြန်ရှောင်နေရတယ်။ ကျုံဒိုးကမ်းနားပိုင်းမှာလည်း ကင်းပုန်းချတယ်၊ ဂိတ်တွေကိုလည်း စစ်သားတွေတိုးချထားတယ်” ဟု လုံခြုံရေးကြောင့် အမည်ဖော်ရန်ခက်ခဲသည့် ၎င်းဒေသခံက ပြောသည်။

ကရင်စစ်ရေးသတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ ကျုံဒိုး ဟောင်သရောမြစ်တစ်လျှောက် ကျေးရွာများဘက်တွင် စစ်အုပ်စု၏ကင်းထောက်လေယာဥ်များ ညစဉ်ပျံသန်းမှုရှိနေသည်။

ထို့အပြင် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းပေါ်ရှိ၊ ကိုးတိုင်ရွာ၊ တောင်ကြာအင်းလမ်းပိုင်းပေါ်ရှိ လောင်းကိုင်၊ ဖားကျ ရွာဘက်သို့ စစ်အုပ်စု၏ ခြေလျှင်တပ်ရင်း ခလရ(၂၃၀)၊ စစ်ဆင်ရေးကွပ်ကဲမှုဗျူဟာ စကခ(၁၂) တို့မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်ပေါက်ကွဲပြီး ရွာခံအချို့ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

ကျုံဒိုးအခြေချ KNLA တပ်မဟာ(၆) တပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်က လှိုင်ကွယ်ရွာဘက်မှာရှိပြီး တောင်ကြာအင်းဘက်ကို စစ်ကြောင်းထိုးဖို့ လက်နက်ကြီး ပစ်နေတာပါ။ တစ်နေ့ကို သုံး၊ လေး လုံးပစ်တယ်။ ပြီးခဲ့တဲ့လကဆို နောင်တလာရွာမှာ အဖွားတစ် ယောက်ဆုံးတယ်၊ ရွာသားတစ်‌ယောက် အလုံးကြီးအစမှန်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ကုန်သွယ်ရေးအချက်အချာကျ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်ရှိ အဆိုပါဒေသကို အပြည့်အဝထိန်းချုပ်၊ အုပ်ချုပ်နိုင်မှုမှာ နှစ်ချီကြာသော်လည်း လက်ရှိအချိန်ထိမရနေခြင်းကြောင့် စစ်အုပ်စုသည် အင်အားဖြည့်တင်းပြီး စစ်ဆင်ရေးဆက်တိုက်လုပ်ဆောင်မည့်ပုံစံဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းနေကြသည်။

စစ်အုပ်စုအင်အားဖြည့်တင်းသည့်အထဲတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်)၊ ဖားအံတပ်မ (၂၂) လက်အောက်ခံတပ်များနှင့် ကျုံဒိုး၊ နဘူး၊ ကော့ကရိတ်အခြေချတပ်ရင်းများ စုပေါင်းပါဝင်နိုင်သလို ကေအဲန်ယူတပ်မဟာ(၆)အပြင် တပ်မဟာ(၇)၊ ဖားအံခရိုင်ထဲသို့ပါ စစ်ကူ၊ ခဲယမ်းလက်နက်အပြည့်အစုံဖြင့် နယ်မြေရှင်းလင်းလာနိုင်ကြောင်းလည်း ခေါင်းဆောင်ပိုင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်တချို့က ဆိုသည်။