အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေသည့်မြန်မာစစ်အုပ်စုကို အလျှော့ပေးမဆက်ဆံသင့်ဟု အမေရိကန်အစိုးရကို Justice for Myanmar-JFM က ယမန်နေ့ အောက်တိုဘာ(၁၁)ရက်တွင် ထောက်ပြပြောဆိုသည်။
စစ်အုပ်စုကို စစ်လက်နက်အထောက်အပံ့များ ပေးနေသည့် လုပ်ငန်းရှင်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ဆက်တိုက်ပယ်ဖျက်ပေးလျက်ရှိရာ အောက်တိုဘာ(၉)ရက်နေ့ကလည်း လေယာဥ်ဆီတင်သွင်းကြောင်း စွပ်စွဲချက်ဖြင့် ၂၀၂၄ ခုနှစ်ကတည်းက ပိတ်ဆို့ခံထားရသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏သမီးဖြစ်သူ သိမ့်ဝင်းထက် ကိုပါ စာရင်းမှပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် ရာဇဝတ်သားမြန်မာစစ်အုပ်စုကို အလျှော့ပေးဆက်ဆံမှုမပြုလုပ်သင့်ကြောင်း သို့မဟုတ်ပါက စစ်ရာဇဝတ်မှုများပိုမိုပြုလုပ်ရန် စစ်အုပ်စုကိုပိုမိုရဲတင်းလာစေသလို မြန်မာ့အကျပ်အတည်းကို ဆက်လက်နက်ရှိုင်းစေမည်ဟု JFM က ထောက်ပြသည်။
ထို့အပြင် စစ်အုပ်စုသည် ဘဏ္ဍာငွေ၊ လေယာဥ်ဆီနှင့် စစ်လက်နက်အထောက်အပံ့များ ရရှိနေခြင်းမှ မြန်မာနိုင်ငံရှိ အရပ်သားများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေသည်။ ယင်းကြောင့် ချထားပြီးသား ဒဏ်ခတ်ပိတ်ဆို့မှုများကို တင်းကြပ်စွာ လုပ်ဆောင်ရမည်ဖြစ်သလို မိုမိုတိုးချဲ့ဒဏ်ခတ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က JFM အနေဖြင့် စစ်အုပ်စု ခရိုနီကုမ္ပဏီ၏ သိမ့်ဝင်းထက်ကို မြန်မာစစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းရေးကဏ္ဍတွင် ပါဝင်ပတ်သက်မှုရှိခြင်းနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်း၌ အစုရှယ်ယာများ ပိုင်ဆိုင်မှုရှိခြင်းကြောင့် ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်းရှိသည်။
သို့ရာတွင် အမေရိကန်အစိုးရသည် သိမ့်ဝင်းထက်အပါအဝင် စစ်အုပ်စုခရိုနီ လုပ်ငန်းများအား ပိတ်ဆို့မှုစာရင်းမှ ဆက်တိုက်ပယ်ဖျက်နေ၍ JFM အနေဖြင့် ရှုတ်ချထားပြီး ရာဇဝတ်သား စစ်အုပ်စုနှင့် အမေရိကန်တို့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေခြင်းကိုလည်း စိုးရိမ်သည်ဟု ဆိုသည်။
ထို့အပြင် သိမ့်ဝင်းထက်ကို စာရင်းပယ်ဖျက်ပေးခြင်းသည် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် မရှိမဖြစ်လိုအပ်သည့် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)အပေါ် လက်ရှိအမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့်လည်း တိုက်ဆိုင်နေ၍ ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားရုံးကိုကာကွယ်ရန် လက်တွေ့လုပ်ဆောင်ကြရမည်ဟု JFM က ဖြည့်စွက်တိုက်တွန်းသွားသည်။
ထို့အတူ ရိုက်တာသတင်း ဖော်ပြချက်အရ အမေရိကန်သည် ဖမ်းဆီးခံထားရသော ၎င်းတို့စီးပွားရေးလုပ်ငန်းရှင် လွတ်မြောက်ရေး၊ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းရေးနှင့် မြန်မာ့မြေရှားသတ္တုကိစ္စ ဆွေးနွေးရန် ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် စစ်ခေါင်းဆောင်နှင့် နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။


















