Home သတင်း တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန်

တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန်

11
Photo: Telegram

အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တောင်ပိုင်းတိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၀) ဦး စစ်အုပ်စု၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ လက်နက်ချ ဘက်ပြောင်းခိုလှုံပြီ ဆိုသည့်သတင်းတွင် မိမိတို့တပ်ဖွဲ့ဝင်များပါဝင်ခြင်းမရှိဟု VENOM စစ်ကြောင်း တာဝန်ရှိသူက ယနေ့၊ အောက်တိုဘာ(၁၀)ရက်တွင် တုံ့ပြန်ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် VENOM စစ်ကြောင်း၊ ဒေါနစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့မှ တပ်ဖွဲ့ဝင်လူငယ်(၁၀)ဦးမှာ လက်နက်နဲ့တကွ စစ်အုပ်စုထံ ဘက်ပြောင်းလာ၍ ယမန်နေ့ အောက်တိုဘာ (၉)ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အခမ်းအနားပြုလုပ်ခဲ့ကြောင်း စစ်တပ်ထိန်းချုပ်သည့် မီဒီယာများက ဖော်ပြကြခြင်းဖြစ်သည်။

သို့ရာတွင် လက်တွေ့၌ စစ်အုပ်စုထံ သွားရောက်လက်နက်ချသည့် တပ်ဖွဲ့ဝင်တစ်ဦးမျှမရှိဘဲ အဆိုပါသတင်းသည် စစ်အုပ်စုဘက်မှ ဝါဒဖြန့်ခြင်းသာဖြစ်နိုင်ကြောင်း VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောသည်။

“ဖြစ်နိုင်တာကတော့ စစ်အုပ်စုဘက်က ဝါဒဖြန့်တာပဲ။ အခုလက်ရှိ သူတို့ဆီလက်နက်ချတာတစ်ယောက်မှကို မရှိပါဘူး” ဟု‌ ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်လော်ဘီမီဒီယာများ ဖော်ပြချက်အရ လက်နက်ချသူ(၁၀)ဦးရှိ၍ ၎င်းအနက် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား (၉)ဦးပါဝင်သည်။ ထို့အပြင် လက်နက်ငယ် (၆) လက်၊ ကျည်အိမ် (၁) ခု၊ လက်ပစ်ဗုံး (၅)လုံးနှင့် စကားပြောစက် (၅)လုံး ကိုလည်း စစ်အုပ်စုထံ တပါတည်းအပ်နှံခဲ့သည်ဟု ဆိုသည်။

Photo: Telegram

ထို့အပြင် ဘက်ပြောင်းခိုလှုံလာသူများတွင် ရန်ကုန်၊ ပြည်၊ ဧရာဝတီ၊ ဟိုင်းကြီးကျွန်း၊ ပေါင်၊ ဘီးလင်း၊ သထုံ၊ ဒီပဲယင်းမြို့နယ် နေထိုင်သူများဖြစ်ကြောင်းလည်း ထိုမီဒီယာများထံမှ သိရသည်။

အဆိုပါအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြည်နယ်စစ်အုပ်စု ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူးချုပ် သူရဇော်လွင်စိုးတို့လည်း တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

VENOM နှင့် ကော်ဘရာစစ်ကြောင်းသည် စစ်အုပ်စုက နယ်မြေထိန်းချုပ်နိုင်ရေး နှစ်ချီကြာ ကြိုးပမ်းနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) ရာမတီးမြို့နယ်တွင် လက်ရှိ KNLA နှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသော စစ်ကြောင်းများဖြစ်သည်။

ဒေါနစစ်ကြောင်းသည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်တွင်ရှိ၍ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်(PDF) တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) အောက်တွင် ဖွဲ့စည်းထားသည့်စစ်ကြောင်းဖြစ်ရာ ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)တွင် စစ်ရေးလှုပ်ရှားမှုရှိသည်။