အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး (၅၈) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ယမန်နေ့၊ အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်သည်။
စက်တင်ဘာလတစ်လအတွင်း BWU မှ စာရင်းအချက်အလက် ကောက်ယူမှုများအရ စစ်အုပ်စုက အကြောင်းအမျိုးမျိုးဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီး (၅၈) ဦး သေဆုံးခဲ့ရသည့်အပြင် (၆၅) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သေဆုံးရသည့်အကြောင်းအရင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၄၈) ဦးဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၇) ဦး၊ ကျည်ထိမှန်မှုကြောင့် (၁) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၁) ဦးနှင့် မြေမြှုပ်မိုင်းကြောင့် (၁) ဦး ပါဝင်သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် (၆) ဦးနှင့် မသန်စွမ်း အမျိုးသမီး (၁) ဦး လည်း ပါဝင်သည်ဟု BWU က ဆိုသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၆၅) ဦးတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၆၀) ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးကြောင့် (၃) ဦးနှင့် မြေမြှုပ်မိုင်းကြောင့် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စာရင်းများတွင် ဖော်ပြသည်။
တိုင်းနှင့် ပြည်နယ်အလိုက် အမျိုးသမီး သေဆုံးမှုများတွင် ရခိုင်ပြည်နယ်မှ (၁၇) ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းမှ (၁၃) ဦး၊ စစ်ကိုင်းတိုင်းမှ (၁၁) ဦး၊ မန္တလေးတိုင်းမှ (၇) ဦး၊ ကရင်နီပြည်နယ်မှ (၅) ဦးအပါအဝင် တနင်္သာရီ၊ ရှမ်း၊ ကရင်၊ မွန်နှင့် ချင်းပြည်နယ်တို့မှ (၁) ဦးစီ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်များအပေါ်အခြေခံ၍ စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရန် အားကောင်းပြီး တိကျသေချာသည့် အကူအညီများနှင့် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်ချက်များကို မြန်မာပြည်သူများ အရေးတကြီး လိုအပ်လျက်ရှိသည်ဟု BWU က ထောက်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၅၅) ဦး သေဆုံး၍ (၅၂) ဦး ထိခိုက်ဒဏ်ရာရခဲ့သလို သေဆုံးသူများထဲတွင် အသက်မပြည့်သေးသူ (၆) ဦး ပါဝင်ခဲ့ကြောင်း BWU က စာရင်းပြုစုထုတ်ပြန်ခဲ့သေးသည်။


















