Home သတင်း ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့ JACBA ၂၁ နှစ်ပြည့် အထမ်းအမှတ် စုပေါင်းသွေးလှူ

ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့ JACBA ၂၁ နှစ်ပြည့် အထမ်းအမှတ် စုပေါင်းသွေးလှူ

420

စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ရွေ့ပြောင်း မြန်မာ အလုပ်သမားများကို ကူညီရန် ရည်ရွယ်တည်ထောင် ခဲ့သည့် မြန်မာပြည်သားများအရေး ပူးတွဲလှူပ်ရှားမှုကော်မတီ (JACBA) ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် မယ်တော်ဆေးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သွေးလှူပွဲတွင် ထိုင်းရောက် စက်ရုံများ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများက JACBA ၏နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းပါဝင် သွေးလှူခဲ့သည်ဟု အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

“ကျနော်တို့JACBA အဖွဲ့ထောင်တာက ရွေ့ပြောင်းအလုပ်သမားတွေကို ကူညီဖို့အတွက်ဖြစ်တယ်။ ဒီနှစ်အထိမ်း အမှတ်အနေနဲ့က ဒုက္ခရောက်နေတဲ့ ရွေ့ပြောင်းသူတွေကို အသီးအရွက်တွေဝေပေးမယ်။ နောက်ပြီးအဖွဲ့ကို ကူညီ ပေးတဲ့အလှူရှင်တွေလည်း ရှိတာမဟုတ်ဘူး ဆိုတော့ စက်ရုံအလုပ်သမားတွေ စုပေါင်းသွေးလှူပေးတဲ့ အထိမ်း အမှတ်လည်း ဖြစ်တယ်။ ဒါလူမှုရေးအလုပ်တစ်ခု ဖြစ်တာပေါ့။ ကျန်တာတွေက မြန်မာ့အရေးဆိုရင်လည်း လက် မနှေးဘဲ ကိုယ်စွမ်းသလောက် ကူညီပေးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

JACBA ကို ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားများ လိုအပ်သည့် ဥပဒေ အထောက်ကူများ၊ ကျန်းမာ ရေး၊ လူမှုရေး များအပြင် ရွေ့ပြောင်းမိသားစု ကလေးငယ်များ၏ ပညာရေး အခက်အခဲများကို ကူညီရန်အတွက် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ပြောသည်။

အဖွဲ့က မဲဆောက်ရှိ မြန်မာကလေးများအတွက် New Day ရွှေ့ပြောင်းအထက်တန်းကျောင်းကို တည်ထောင်ဖွင့် လှစ်ထားပြီး လက်ရှိ ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး တက်ရောက်နေကြောင်းသိရသည်။

ထို့အပြင် အဖွဲ့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ နှစ်နာကြေးကိစ္စအပါအဝင် အခြားအလုပ်သမားအရေးကိစ္စ များကို ထိုင်းရှိ အခြား ဥပဒေအထောက်အကူပြု အဖွဲ့များနှင့်အတူ အမှုပေါင်း ရာနှစ်ချီကူညီဆောင်ရွက်ပေးခဲ့ သည်ဟု သိရသည်။

ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၁ နှစ်အတွင်း ရွေ့ပြောင်း အလုပ်သာမားအချင်းချင်း ဖေးမကူညီရန်အတွက် ထိုင်း နိုင်ငံအတွင်း ရောက်ရှိနေသည့် အနယ်နယ်အရပ်ရပ် ရွေ့ပြောင်း အလုပ်သမား ၁,၀၀၀ ဦးကျော် အဖွဲ့ဝင်ထား သည်ဟု JACBA ထံမှ သိရသည်။