Home သတင်း ပြည်ထောင်၌ ရေမသန့်၍ နိုင်ကျဉ်းများ အရေပြားရောဂါ ဖြစ်ပွား

ပြည်ထောင်၌ ရေမသန့်၍ နိုင်ကျဉ်းများ အရေပြားရောဂါ ဖြစ်ပွား

694
Photo: Social Media

စက်တင်ဘာ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ပြည်ထောင်၌ ရေမသန့်၍ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားများ အရေပြားရောဂါ ဖြစ်ပွားနေပြီး ရောဂါ အတွက်လည်း လိုအပ်သည့် ဆေးကုသခွင့်မရ မရဟု စက်တင်ဘာ ၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP)က သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်၌ ထောင်တွင်း သိုလှောင်ရေများကို ပုံမှန်မလဲလှယ်ခြင်း၊ သန့်စင်ခြင်း မရှိခြင်းကြောင့် ရေများ အနံ့ဆိုးထွက်ပေါ်နေပြီး ထိုရေကိုသာ အသုံးပြုရသည့်အတွက် အကျဉ်းသူ၊ အကျဉ်းသားများ ယားနား၊ ပွေး၊ ဝဲ စသည့် အရေပြားရောဂါများ ခံစားနေရသည်ဟု WOPP က ပြောသည်။

“ထောင်ထဲမှာ ရေမသန့်လို့ အရေပြားရောဂါတွေ တဖြည်းဖြည်းနဲ့ ပိုဆိုးလာနေတယ်။ ဆေးဝါးအလုံ အလောက် မရှိတာကြောင့် ကျန်းမာရေးအတွက် ချို့တဲ့စွာနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်။ ဒီအတိုင်းသာ ဆက်သွားရင် အထဲမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသူ/သားတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ တောင့်ခံနိုင်ပေမယ့် ကျန်းမာရေးနဲ့ ပတ်သက် ရင် နာတာရှည်လို ရောဂါမျိုးတွေ ဖြစ်နေတဲ့အထိ ကြုံတွေ့နိုင်တယ်” ဟု WOPP ၏ တာဝန်ရှိသူ မဇူးဇူးမေယွန်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရောဂါ ဖြစ်ပွားသူများကို ရက်လွန် ဆေးဝါးများ သာပေးဝေခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုများလည်း ပြုလုပ်ပေးခြင်းမရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းအပြင် ထောင်တွင်းတွင် အကျဉ်းသားတစ်ဦးလျှင် အဝတ် ၃ စုံသာ ယူဆောင်ခွင့်ရှိသဖြင့် မိုးရာသီ၌ အဝတ်မလုံ လောက်ခြင်း၊ အဝတ်စို ခြင်းတို့ကြောင့် ရောဂါကူးစက်မှု ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရကြောင်း WOPP က ဆိုသည်။

ယခုလို ထောင်တွင်း သုံးရေမသန့်မှု ပြဿနာသည် ၂၀၂၀ ခုနှစ် နောက်ပိုင်းမှစ၍ ဖြစ်ပွားလာခြင်းဖြစ်ပြီး ကျောက် ကပ် ရောဂါ၊ ဝမ်းရောဂါ များဖြစ်ပွားဆဲ ဖြစ်ကာ ထောင်အာဏာပိုင်များထံ ရေသန့်စက် ပြုပြင်ရန် တောင်းဆို သော်လည်း လက်ရှိ အချိန်ထိ ပြင်ဆင်မှုမရှိဟု သိရသည်။

ထို့ကြောင့် WOPP အနေဖြင့် အကျဥ်းဦးစီးများ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အချိန်နှင့် တပြေးညီ သိ နိုင်ရန် ရရာနည်းဖြင့် ဖော်ထုတ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့မှု များကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းများအရ သိရသည်။