ဩဂုတ် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၄ ဦး သေဆုံး ခဲ့သည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်လိုက်သည်။
ယခုလို အမျိုးသမီးများ သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် သေဆုံးသူအများဆုံး ဖြစ်သည်ဟု BWU တွဲဖက်အတွင်း ရေးမှူး-၁ ဖြစ်သူ မဝေက ပြောသည်။
“စစ်ကောင်စီက လေကြောင်းကနေပြီးတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေက မြေပြင်မှာ ဒီ့ထက်မက အများကြီးရှိနေနိုင်ပါတယ်။ အပစ်ရပ်ကာလတွေမှာတောင်မှ စစ်ကောင်စီကလက်နက်ကြီး ပစ်ခတ် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးတော့ စစ်ကောင်စီကချိုးဖောက်လာတာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင်အာဏာသိမ်းယူထားသည့် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသမီး အများစုကို စစ်ကြောရေး၌ နှိပ်စက်ခြင်းအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း နည်းမျိုးစုံဖြင့် လုပ်ဆောင်မှုများရှိနေသည်ဟု BWU က ဆက်ပြောသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီး သေဆုံးခဲ့မှုများထဲတွင် အသက် (၁၈)နှစ်အောက် အမျိုးသမီးငယ် (၁၄)ဦး ပါဝင်ပြီး အမျိုးသမီး(၈၀)ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းထဲတွင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ(၅)ဦး ပါဝင်နေကြောင်း BWU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ယခုလို အမျိုးသမီး သေဆုံးခဲ့မှု များထံတွင် စစ်ကိုင်းတိုင်းဒေသကြီးထဲ၌ ၂၈ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၉ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဦး၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတွင် တစ်ဦးစီတို့ဖြစ်သည်။ ထို့အပြင် ကချင် ပြည်နယ်တွင် ၂ ဦး၊ ကရင်နီ (ကယားပြည်နယ်တွင် (၉)ဦး၊ ရှမ်းပြည်နယ်တွင် ၄ ဦး၊ မွန်ပြည်နယ်တွင် ၂ ဦး၊ ကရင် ပြည်နယ်တွင် တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၄ ဦး တို့ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



















