Home သတင်း ဝင်းဝရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံး

ဝင်းဝရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံး

522
Photo: KNU

သြဂုတ် ၆ ၊ ၂၀၂၅ ၊ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရွာတွင် ဩဂုတ် ၃ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား (၅၈ နှစ်) တစ်ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဝင်းဝစခန်းရှိ ခြေလျင်တပ်ရင်း (ခလရ-၄၀၃) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးရာမှ အဆိုပါဒေသခံအား စစ်ကောင်စီတပ်များက “ထွက်ပြေးသူများကို ကူညီသည်ဟုသံသယဖြင့်” အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

၎င်းက “ဝင်းဝ စခန်းက သူတို့ စစ်သား နှစ်ယောက် ထွက်ပြေးလာတာကို ရွာထဲမှာ လိုက်လာပြီး ရှာဖွေကြတယ်။ အဲလို ရှာနေတဲ့ချိန်မှာ ရွာသားတစ်ဦးကို ပစ်သတ်လိုက်တယ်။ ဘာကြောင့် ပစ်ရတာလဲ အသေးစိတ်တော့ မသိဘူး။ ကျနော်တို့ ခန်းမှန်းရသလောက် ဒီထွက်ပြေးလာတဲ့ စစ်သားတွေကို ရွာသားတွေ ကူညီနေတာဆိုပြီးသူတို့ ပစ်သတ်လိုက်တာလို့ ထင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုအပြီး ရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထွက်ပြေးသူ တပ်သား ၂ ဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၂ ထံ လက်နက်များနှင့် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပဒိုစောအယ်နာက အတည်ပြုပြောသည်။

ယခုဖြစ်စဉ်မတိုင်မီကပင် ဝင်းဝစခန်းနှင့် ကပ်လျက်ရှိ မင်းဒပ်ကျေးရွာအနီးတွင် KNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။