ဇူလိုင် ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
“မြန်မာပြည်၏ပြဿနာကိုဖြေရှင်းဖို့ရွေးကောက်ပွဲက ဦးစားပေးကိစ္စမဟုတ်” ဟုဆိုသည့် အာဆီယံ သဘောထားတုန့်ပြန်ချက်ကို ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားသည့် အရပ်ဖက်(၂၃၇)ဖွဲ့က အသိအမှတ်ပြုကြိုဆိုကြောင်း ယနေ့(ဇူလိုင် ၃၁) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ဇူလိုင်လ(၉)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာစစ်ကောင်စီဦးဆောင်လုပ်မည့် ရွေးကောက်ပွဲအပေါ် ရှုတ်ချသည့်စကားလုံးများ ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။
မြန်မာ့အကြပ်အတည်းအပေါ် ခိုင်မာပြီးတာဝန်ယူမှုရှိသည့် ချဥ်းကပ်မှုမျိုးဖြစ်လာရန် အာဆီယံ၏ရပ်တည်ချက်က အရေးကြီးသလို မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပိုမိုပြတ်သားပြနိုင်ဖို့မျှော်လင့်ကြောင်း အရပ်ဖက်အဖွဲ့များက ဆိုသည်။
ထိပ်သီးအစည်းအဝေးမှတဆင့် မြန်မာနိုင်ငံနှင့်ပြည်သူများ တည်ငြိမ်အေးချမ်းပြီးရေရှည်တည်တံ့သည့် အနာဂတ်ရရေး အာဆီယံအနေဖြင့် အချိန်သတ်မှတ်မှုနှင့်လက်တွေ့ကျသည့် အစီအစဥ်များ လုပ်ဆောင်ပေးရန်လည်း တဆက်တည်းတိုက်တွန်းသွားသည်။
သို့သော် မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် မှီခိုနေဆဲ အချက်ကိုမူ စိတ်ပျက်သည်ဟု အရပ်ဖက်အဖွဲ့များကဆိုသည်။ နိုင်ငံငြိမ်းချမ်းရေးအတွက် စစ်ကောင်စီက အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မြန်မာပြည်သူများ၏ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီလိုလားချက်ကို ထောက်ခံသည့်အနေဖြင့် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီကိုပံ့ပိုးမှု ရပ်တန့်ပြီး ဒီမိုကရေစီအရေးတွင်ပါဝင်သက်ဆိုင်သူ၊ တရားဝင် ကိုယ်စားလှယ်များကို တရားဝင်မှုပေး၊ ထိတွေ့ဆက်ဆံရမည်ဟု ထောက်ပြသွားသည််။
တဆက်တည်းတွင်ပင် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုအပေါ် တက်ကြွထောက်ခံသည့် အရှေ့ တီမောနိုင်ငံအား အာဆီယံအဖွဲ့ဝင်ဖြစ်လာရေး ဆုံးဖြတ်ချက်ချမှတ်ခြင်းကို မိမိတို့အဖွဲ့များအနေဖြင့် ကြိုဆိုသည်ဟုလည်း အရပ်ဖက်အဖွဲ့များကဆိုသည်။
အာဆီယံ၏သဘောထားလုပ်ဆောင်ချက်များအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN တို့အပြင် ဒီမိုကရေစီအရေး သပိတ်အင်အားစုများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့များ၊ ပညာရေးအဖွဲ့များ စသည်တို့ပါဝင် သဘောတူလက်မှတ်ရေးထိုးထားကြသည်။



















