Home တွေ့ဆုံမေးမြန်းခန်း မုန်းမြို့နယ်၊ လည်ပတ်ရွာစခန်းသိမ်းတိုက်ပွဲဖြစ်စဥ်အပေါ် KNU ပြောခွင့်ရသူမေးမြန်းချက်

မုန်းမြို့နယ်၊ လည်ပတ်ရွာစခန်းသိမ်းတိုက်ပွဲဖြစ်စဥ်အပေါ် KNU ပြောခွင့်ရသူမေးမြန်းချက်

1076

“လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအများအပြားပေးတာကြောင့် ဖမ်းမိတဲ့စစ်သုံ့ပန်းတွေကိုပဲခေါ်ပြီးတော့ ကျနော်တို့ ပြန်လည်ဆုတ်ခွာလာခဲ့ရတာပါ။ သူတို့ပြန်ခေါ်သွားတဲ့မိသားစုတွေကိုပဲ အင်တာဗျူးလုပ်ပြီးတော့ ပြည်သူတွေကို ကေအဲန်ယူက သတ်ဖြတ်တယ်ဆိုပြီး သတင်းရေးသားတင်ဆက်လာတာပါ။” ပဒိုစောကလယ်စေး

မုန်းမြို့နယ်၊ လည်ပတ်ရွာစခန်းသိမ်းတိုက်ပွဲဖြစ်စဥ်အပေါ် KNU ပြောခွင့်ရသူမေးမြန်းချက်

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဇူလိုင်လ (၂၅)ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၃) ညောင်လေး ပင်ခရိုင်၊ မုန်းမြို့နယ် ရင်းတိုက်ကုန်းနှင့် လည်ပတ်ကျေးရွာရှိ စစ်ကောင်စီနှင့်ပျူ စောထီးအခြေစိုက်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ကြားရေးဘက်ကမူ KNLA ပူးပေါင်းတပ် လည်ပတ်ရွာသို့ဝင်လာစဥ် ရွာရှိဒေသခံများကို အကြမ်းဖက်မှုလုပ်ဆောင်ခဲ့၍ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ဖော်ပြလာသလို အတည်ပြုမရနိုင်သည့် ပုံများနှင့်တကွ ဝါဒဖြန့်မီဒီယာများကပါ ဆက်လက်ဖြန့် ဝေနေခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအရဆို မုန်းမြို့နယ်၊ လည်ပတ်ရွာကို ဇူလိုင်လ(၂၅)ရက်နေ့မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာပြီး ရွာခံတွေအပေါ် အကြမ်းဖက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က နေပြည်တော် သတင်းမှာ ရေးသားဖော်ပြထားတယ်။ ကေအဲန်ယူက သိရှိထားတဲ့ ပကတိ မြေပြင်အခင်းအကျင်းက ဘယ်လိုပါလဲ။
ဖြေ။ ဇူလိုင်လ ၂၅ ရက်နေ့က ကျနော်တို့တပ်မဟာ(၃) တပ်ရင်း(၈)၊ တပ်ရင်း(၉)နဲ့အတူ တပ်မဟာ(၃)မှာ ရှိနေတဲ့ PDF တပ်ဖွဲ့တွေ စုပေါင်းပြီးတော့ ရင်းတိုက်ကုန်းနဲ့လည်ပတ်စခန်းကို ကျနော်တို့အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့တယ်။ လက်နက်တွေလည်းရရှိပြီးတော့ ကေအဲန်ယူရဲ့သတင်းဌာနကနေလည်း အချက်အလက်တွေကို သတင်းတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ လည်ပတ်စခန်းထဲမှာ ပျူစောထီး(ပြည်သူ့စစ်)တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကို ကျနော်တို့ တွေ့ရှိခဲ့ရပါတယ်။ အဲဒီပျူစောထီးမိသားစုတွေကို တိုက်ပွဲနဲ့လွတ်ရာခေါ်ထုတ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ အဲဒီအနီးအနားမှာရှိတဲ့ ခလရ-၆၀၊ ခမရ-၃၅၁၊ ခမရ-၄၃၉ ဆိုတဲ့စစ်ကောင်စီစခန်းတွေနေ လက်နက်ကြီးပစ်ကူတွေ တပြိုင်နက်ပစ်ခတ်ခဲ့တယ်။ လေကြောင်းပစ်ကူလည်း လာရောက်ပစ်ခတ်ပါတယ်။

အဲ့လိုပစ်တာ ကြောင့်ရော စစ်ကောင်စီဘက်ကစစ်ကူ ရောက်လာခါနီးအချိန်ဖြစ်တာကြောင့်ရော ကျနော်တို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။

ပျူစောထီးမိသားစုတွေကိုတော့ ကျနော်တို့ကနွားတင်းကုပ်တစ်ခုမှာ ချန်ထားခဲ့ရတယ်။ ဖမ်းဆီးရမိ တဲ့စစ်သုံ့ပန်းတွေကို ခေါ်ဆောင်ပြီး ဘေးလွတ်ရာကို ကျနော်တို့တိမ်းရှောင်ခဲ့ရတယ်။ ဒါကတကယ်ဖြစ် ပျက်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပါတယ်။ အဲဒီမှာနောက်ပိုင်း ကျနော်တို့ သိရတာက ပျူစောထီးမိသားစုကို စစ်ကောင်စီ ကခေါ်သွားပြီးတော့ သတင်းတွေတင်၊ အင်တာဗျူးတွေလုပ်တယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒါကတော့ ကျနော်တို့ကို အပြစ်ပုံချလိမ်ညာတဲ့သတင်းလို့ ပြောချင်ပါတယ်။

မေး။ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပြီးတဲ့နောက်မှာ ကေအဲန်ယူတပ်ဖွဲ့တွေအနေနဲ့ လည်ပတ်ရွာကို နယ်မြေစိုးမိုးမှု ရခဲ့လား။ ရတုန်းလား။ ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ။ အဲဒီလည်ပတ်ဆိုတဲ့စခန်းက ကျောက်ကြီးမြို့ရဲ့အထွက်နားလောက်မှာပဲရှိတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့တက်လာတဲ့အခါမှာ ကျနော်တို့ ဆုတ်ခွာပေးလိုက်တဲ့ အနေအထားမျိုးပါ။ လက်ရှိမှာတော့ လည်ပတ်ရွာမှာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ အတိအကျမသိရသေးပါဘူး။

မေး။ စခန်းသိမ်းတိုက်ပွဲကြောင့် ကေအဲန်ယူ-PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဘက်က နှစ်ဖက် ထိခိုက် ကျဆုံးမှုရယ်၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေတွေ ထပ်သိရတာရှိရင် ပြောပေးပါလား။
ဖြေ။ ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦးလောက်သေပြီး၊ ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေတယ်လို့တော့ ပြန်သိရတယ်။

မေး။ စစ်သုံ့ပန်းတွေကိုရော ကေအဲန်ယူအနေနဲ့ ဘယ်လိုထိန်းသိမ်းထားပါသလဲ။
ဖြေ။ ကျနော်တို့ဘက်က စခန်းသိမ်းတိုက်ပွဲတွေအများကြီးဆောင်ရွက်ခဲ့တာရှိတယ်။ သူတို့ဘက်က စစ်သုံ့ပန်း တွေရမိတိုင်း စစ်သုံ့ပန်းဥပဒေနဲ့လိုက်နာဆောင်ရွက်ခဲ့တာ သတင်းတွေမှာ ကျနော်တို့ ထုတ်ပြန်ထားပြီးဖြစ်တယ်။ နိုင်ငံတကာသတင်းဌာနတွေကလည်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာ အများကြီးရှိခဲ့တယ်ဆိုတာကို ထပ်လောင်းအသိပေးလိုပါတယ်။

မေး။ ဒီဖြစ်စဥ်တစ်ခုလုံးနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော၊ ကျန်သတင်းမီဒီယာတွေကော သတင်း တွေ ဖော်ပြမှုတွေ အတော်များများ ကိုးကား၊ ရေးသားနေကြတာရှိတယ်။ ဘယ်လိုတင်ဆက်မှုက သတင်းအမှားဖြစ်ပြီး သတင်းအမှန်ကို အများပြည်သူ သိရှိအောင် ဘာများ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ကျနော်တို့ကိုစစ်ကောင်စီဘက်က မတရားစွပ်စွဲပြီးတော့ ကျနော်တို့ပြုလုပ်ပါတယ်ဆိုပြီး သတင်းမှာပြန် တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့စိတ်နေစိတ်ထားနဲ့ သဘောထားမူဝါဒအရ ကျနော်တို့ အားလုံးသိရှိ ပြီးသားလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းလောက်ကလည်း စစ်ကောင်စီရဲ့ပြောရေး ဆိုခွင့်ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနိုင်ငံမှာပြည်သူလူထုဆိုတာမရှိဘူး။ တပ်မတော်နဲ့သောင်းကျန်းသူပဲရှိတယ်ဆိုပြီး သူပြောခဲ့ တယ်။ ဒါကိုစစ်ကောင်စီရဲ့လော်ဘီချန်နယ်တွေမှာ ပြန်တွေ့ရပြီး နောက်ပိုင်းမှာပြန်ဖျက်လိုက်တာပါ။

ဒီလည်ပတ်စခန်းသိမ်းတိုက်ပွဲ အောင်မြင်စွာလုပ်ဆောင်ပြီးနောက်မှာလည်း စစ်ကောင်စီဘက်ကခုနကပြောသလို လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအများအပြားပေးတာကြောင့် ဖမ်းမိတဲ့စစ်သုံ့ပန်းတွေကိုပဲခေါ်ပြီးတော့ ကျနော်တို့ ပြန်လည်ဆုတ်ခွာလာခဲ့ရတာပါ။ သူတို့ပြန်ခေါ်သွားတဲ့မိသားစုတွေကိုပဲ အင်တာဗျူးလုပ်ပြီးတော့ ပြည်သူတွေကို ကေအဲန်ယူကသတ်ဖြတ်တယ်ဆိုပြီး သတင်းရေးသားတင်ဆက်လာတာပါ။

မေး။ ဘာများ ဖြည့်စွက်ပြောဆိုချင်တာ ရှိပါသေးလဲ။
ဖြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ အတိအကျပြောလို့ ရတယ်။ တဖက်မှာလည်း ဒီပျူမိသားစုတွေကို ခေါ်သွားပြီး လူသားဒိုင်းအဖြစ်အသုံးပြုတယ်။ တစ်ဆက်တည်းမှာပဲ စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတာလည်း အထွေအထူးပြောနေစရာမရှိပါဘူး။