Home သတင်း အကြီးစား ရေအားလျှပ်စစ်နှင့် ဧက၂၀၀ ရှိ စက်မှုဇုန်တည်ဆောက်ရေး BGF စီစဥ်နေ

အကြီးစား ရေအားလျှပ်စစ်နှင့် ဧက၂၀၀ ရှိ စက်မှုဇုန်တည်ဆောက်ရေး BGF စီစဥ်နေ

1122

ဇွန်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီဒေသတွင် မီးရရှိရန် အကြီးစားရေအားလျှပ်စစ်စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် ဧက ၂၀၀ ရှိ စက်မှုဇုန်တည်ဆောက်ရေး စီစဥ်နေကြောင်း ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် နယ်ခြားစောင့်တပ်-BGF ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးနိုင်မောင်ဇော်က မီဒီယာများနှင့်ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းအဝေး၏ ရှေ့လုပ်ငန်းစဥ်ချမှတ်ချက်အရ ယခင်က ဆောက်လုပ်ရန်လျာထားသည့် ဧက ၂၀၀ ရှိ စက်မှုဇုန်ဆောက်လုပ်ရေးကို အကောင် အထည် ဖော်သွားမည်ဖြစ်သလို မြဝတီဒေသလျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက်လည်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်းကို မဖြစ်မနေ လုပ်ဆောင်မည်ဟု ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။

“မြဝတီမှာ ၂၄ နာရီ လျှပ်စစ်မီးရဖို့အတွက် ကြီးမားတဲ့ ရေအားလျှပ်စစ်စီမံကိန်းကို အကောင် အထည် ဖော်ဖို့ရှိတယ်။ နောက်တစ်ခုက ဧက ၂၀၀ စက်မှုဇုန် အရင်က လျာထားတာရှိတယ်။ အဲဒါကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ပါ။ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ ကျနော်တို့ တပ်ဖွဲ့ရေရှည်ရပ်တည်ဖို့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ဖို့ သွားရမယ့်နေရာမှာ ဒီစီမံကိန်းတွေကိုချပြီး မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စက်မှုဇုန်တည်ဆောက်မှုအတွက် BGF အနေဖြင့် လုပ်ငန်းရှင်များ၊ စစ်ကောင်စီတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်ဖြစ်ကြောင်းနှင့် ပြည်တွင်း ပြည်ပရင်း နှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အာမခံချက်အပြည့်အဝပေးသွားမည်ဖြစ်ကြောင်းလည်း နိုင်မောင်ဇော်က ဖြည့်စွက်ပြောသည်။

လက်ရှိ နိုင်ငံတကာထိ တွင်ကျယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းများ၊ လူမှောင်ခို (သို့မဟုတ်) လူကုန်ကူးမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး BGF နယ်မြေ မြဝတီဒေသနှင့်ဘုရားသုံးဆူမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးအပြင် လောင်စာဆီ၊ အင်တာနက်နှင့် ကုန်ပစ္စည်းအချို့ ဝယ်ယူရရှိမှု ဖြတ်တောက်ထားသည်။

ယင်းကြောင့် ဒေသတွင်းပစ္စည်းပြတ်လပ်မှု၊ စီးပွားရေးလုပ်ငန်းအချို့ လည်ပတ်မှုရပ်ဆိုင်းခြင်းနှင့် အခြား အခက်အခဲများ ရင်ဆိုင်နေရ၍ ဒေသခံအကျိုးကိုကြည့်ပြီး ထိုင်းနိုင်ငံဘက်က ပြန်ဖွင့်ပေးရန် BGF အပါ အဝင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တို့က တောင်းဆိုကြသော်လည်း (၃)လအကြာထိ တုံ့ပြန်မှုမရှိသေးပါ။

ထိုင်းနိုင်ငံအနေဖြင့် BGF ဘက်က ကျားဖြန့်ထုတ်ဖော်ရေး၊ နေရပ်ပြန်ပို့ရေး ဆက်တိုက် လုပ် ဆောင်နေမှုအပေါ် ထောက်ရှုပြီး ပိတ်ဆို့မှုများရပ်တန့်ဖို့ စဥ်းစားပေးစေလိုကြောင်း သတင်းစာရှင်းလင်းပွဲမှတဆင့် BGF ပြောခွင့်ရသူက ထောက်ပြသည်။

၎င်းအပြင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုမှတဆင့် ဖြစ်လာသော ပိတ်ဆို့မှုများအတွက် တရုတ် အကျိုး သာဖြစ်ထွန်းကြောင်းကို ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ထိုင်းကလျှပ်စစ်မီးဖြတ်တော့ ဘယ်သူအဆင်ပြေသွားလဲ။ တရုတ်ဘက်ကဆိုလာကုမ္ပဏီတွေအဆင်ပြေသွားတယ်လေ” ဟု ပြောသည်။

လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့် မြဝတီတွင် တစ်နိုင်တစ်ပိုင်နှင့် လုပ်ငန်းသုံးအတွက် ပြည်တွင်းမှတဆင့် လောင်စာဆီဝယ်ယူ၍ မီးစက်များအသုံးပြုခြင်းနှင့် ဆိုလာစနစ်ကိုသာ အဓိက အားထားနေရခြင်းဖြစ်သည်။