Home သတင်း ဖားအံမြို့တွင် လိုင်စင်မဲ့ လူမှုကယ်ဆယ်ရေးယာဉ် ၂ စီး ဖမ်းဆီးခံရ

ဖားအံမြို့တွင် လိုင်စင်မဲ့ လူမှုကယ်ဆယ်ရေးယာဉ် ၂ စီး ဖမ်းဆီးခံရ

865
Photo: Original Uploader

ဇွန် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို စီမံချက်ချ ဖမ်းဆီးနေပြီး ဇွန် ၁ ရက်နေ့တွင် လိုင်စင်မဲ့ လူမှုကယ်ဆယ်ရေးယာဉ် ၂ စီး ဖမ်းဆီးခံခဲ့ရသည်ဟု နယ်ခံ အသင်း အဖွဲ့များက ပြောသည်။

ဇွန် ၁ ရက်နေ့တွင် ဖားအံမြို့တွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက နေရာအလိုက် အချိန်ပိုင်း ယာဉ်ဖမ်း ဆီးမှုပြုလုပ်ခဲ့ရာ လူနာကြိုပို့လုပ်ဆောင်နေသည့် ဖားအံမြို့နယ်နှင့် ရေးမြို့နယ် လူမှု ကယ်ဆယ်ရေးအသင်း လူနာ တင်ယာဉ် နှစ်စီးသည် ယာဉ်လိုင်စင် မရှိ၍ ယခုလို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် မြို့တွင်း မော်တော်ယာဉ် သွားလာမှု များသည့် နေရာများနှင့် မြို့ အဝင် အထွက် စစ်ဆေးရေးဂိတ်များ၌ လူနာတင်ယာဥ်များအပြင် လိုင်စင်မဲ့ ယာဥ်မောင်းနှင့် မော်‌တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ဖမ်းဆီးစစ်‌ဆေးမှုများ ပြုလုပ်‌နေသည်ဟု ဖားအံမြို့ နယ်အတွင်းရှိ ကျေးရွာအခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ‌ပြောသည်။

“ဆေးရုံဆင်းမယ့် လူနာကို သွားကြိုမယ်ဆိုပြီး မြို့ထဲဝင်တာ။ အဲဒီ မြို့အဝင် မွေးမြူရေးဇုံဂိတ်မှာပဲ သူတို့က လူနာလည်း မပါ ကားကလည်း လိုင်စင် မပါဘူးဆိုပြီး သိမ်းလိုက်တာ။ နောက်တစ်စီးက တခြားမြို့နယ်က ကားပါ။ ဒီဘက်လူနာ လာပို့တယ် ကြားတယ်။ ခုလို လုပ်တာက ကိုယ့်ပြည်နယ်က လူတွေပဲ ထိတာ‌ပေါ့။ ရွာတွေ ဘက်မှာ အဓိက အားကိုးတာဆိုလို့ ဒီအရေးပေါ်လူနာတင်ကားတွေပဲ ရှိတယ်လေ။ မရှိရင် ဘယ်လိုလုပ်ပြီး အဆင်ပြေတော့မလဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို လူနာတင်ယာဉ်များ ဖမ်းဆီးနေ၍ ဖားအံဆေးရုံကြီးသို့ လူနာပို့ကြိုမည့် လှိုင်းဘွဲ့၊ ‌ကွမ်ဘီ လူမှုကယ်ဆယ် ရေးအသင်းမှ လူနာတင်ယာဥ်များ လာ လမ်း အတိုင်း ပြန်လှည့်ခဲ့ရသလို မတော်တဆ ယာဥ်တိုက်မှုကြောင့် ထိခိုက် သေဆုံးများအား သွားရောက်ပို့‌ဆောင်ခဲ့သည့် နောင်လုံနှင့် သာမည လူမှုကယ်ဆယ်ရေးအသင်းယာဉ်များ လည်း ပြန်ရန် အခက်တွေ့ခဲ့ရသည်ဟု ဒေသတွင်း ကယ်ဆယ်‌ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ယခုလို အခြေအနေများကြောင့် မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းများအနေဖြင့် လိုင်စင်ကား ဝယ်ယူ အသုံးပြုနိုင်ရန် ငွေကြေးအဆင်မပြေမှုများနှင့် ဖမ်းဆီးအရေးယူမှုများ ရှိသည့်အတွက် နယ်ဝေးလမ်း ကြောင်းများကို ခေတ္တရပ်နားထားမှုများ ရှိလာသည်ဟု ဒေသတွင်း ကယ်ဆယ်‌ရေးအသင်းတချို့က ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတဆင့် အသိပေးပြောဆိုမှုများ ရှိခဲ့သည်။

“ ကျနော်တို့ အရင်လို ကားတွေထွက်လို့ မရတော့ ရှိတဲ့ကားနဲ့ပဲ စီစဥ်နေရတဲ့အတွက် လူနာလမ်းကြောင်းတွေက နဲနဲ ကြန့်ကြာမှုတွေ ရှိတယ်။ အခု ကျနော်တို့ အတတ်နိုင်ဆုံးတော့ နီးစပ်ရာ ကျေးရွာကနေ လာတဲ့လူနာတွေကို ဖားအံ ဆေးရုံရောက်အောင် မရရတဲ့နည်းနဲ့ စီစဥ်ပေးနေတယ်။ လက်ရှိ လုပ်ငန်းဆောင်တာတွေကိုလည်း လုံးဝ ရပ်ဆိုင်းလိုက်တာမျိုး မဟုတ်ဘဲ လိုင်စင်ကားရှိတဲ့ အသင်းတွေကနေ အဆင်ပြေတဲ့ကားနဲ့ ဆေးရုံရောက်အောင် တော့ ဆောင်ရွက်ပေးနေပါတယ်” ဟု ဖားအံ လူမှုကယ်ဆယ်ရေးအသင်း၊ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြော သည်။

ယခုလို အခြေအနေများကြောင့် လူနာများ ပို့ဆောင်ရန် လူမှုအဖွဲ့အစည်းများ ဇွန် ၂ ရက်နေ့တွင် ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင်နေပြီး လိုင်စင်မဲ့ လူနာတင်ယာဉ်များ သွားလာခွင့် ရှိမရှိကိုမူ မသိရသေးဟု ၎င်းက ဆက်ပြော သည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်နှင့် အကောက်ခွန်မဲ့ ကုန်စည်များ ယခုရက်အတွင်း စစ်‌ဆေး ဖမ်းဆီးမှုများကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အသွားအလာအတွက် အခက်အခဲ ကြုံ‌တွေ့လျက်ရှိ‌ ကြောင်း သိရသည်။

ပြီးခဲ့သည့်မေ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေး၌ စစ်ကောင်စီ ဥက္ကဌက လိုင်စင်မဲ့ ကား၊ လိုင်စင်အတု နံပါတ်ပြား အတု ယာဉ်များ အသုံးပြုနေ၍ အခွန်မရ နှစ်နာသည့်အတွက် ဖမ်းဆီး ရန် ပြောဆို ခဲ့ပြီးနောက် ယခုလို ဖမ်းဆီးစစ်ဆေးမှုများ စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။