Home သတင်း လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းထိုး စစ်ရေးတင်းမာနေ

လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းထိုး စစ်ရေးတင်းမာနေ

597
Photo: LLPDF

ဇွန် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်တွင် မေ ၃၀ ရက်နေ့မှစ၍ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက် လာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည်ဟု လောင်းလုံး မြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက ပြောသည်။

ပြီးခဲ့သည့် မေ ၃၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်ရှိ လတ်ခတ်တောင်ခြေအနီးတဝိုက်တွင် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သလို ယမန်နေ့ ဇွန် ၁ ရက်နေ့ နံနက်ခင်းပိုင်းတွင်လည်း လတ်ခတ်တောင်ခြေအနီးတဝိုက်သို့ စစ်ကူ စစ်ကြောင်းထိုး ဝင်ရောက်လာမှုများ ရှိသည်ဟု ရဲဘော်ရှဲဒိုးက ပြောသည်။

“စကစ တပ်တွေက လောင်းလုံးမြို့နယ်ထဲကို ပြီးခဲ့တဲ့ ၃၀ ရက်နေ့ကနေ စပြီးတော့ စစ်ကြောင်းထိုး လာခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ လည်းရှိနေပါတယ်။ စစ်ရေးအခြေနေတွေကတော့ ပြောပြလို့ မဖြစ်သေးပေမဲ့၊ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကတော့ ဆက်တိုက်ကို ရှိပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် လောင်းလုံးမြို့ပေါ် ရပ်ကွက်များနှင့် အနီးရှိ ကျေးရွာ (၅) ရွာမှ ဒေသခံ ၃,၀၀၀ နီးပါး မိုးသည်းထန်ချိန် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီနေသူက ပြောသည်။

“လမ်းတစ်လျောက်လုံး စစ်ကြောင်းထိုးသွားတာဆိုတော့ အနီးက ရွာတော်တော်များများ ရှောင်ရတယ်။ ပြီးတော့ ဖမ်းခံထိတဲ့သူတွေလည်း ရှိတယ်။ ဘယ်ရွာကလည်းဆိုတာတော့ သတင်းအတိအကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

မေ ၃၀ ရက်မှစ၍ လောင်းလုံးမြို့၊ လက်ခတ်တောင်တာဝါတိုင် ကုန်းတို့၌ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်က တာဝေးပစ်အမြောက်ကြီးများသုံးကာ လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်နေပြီး ယနေ့ အချိန်ထိ လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။