Home သတင်း ကော်သူးလေ အမျိုးသမီးများကွန်ရက် ဖွဲ့စည်းမည်

ကော်သူးလေ အမျိုးသမီးများကွန်ရက် ဖွဲ့စည်းမည်

688

ဇွန် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ သုံးရက်တာ ပြုလုပ်ကျင်းပခဲ့သည့် ကော်သူးလေ အမျိုးသမီးများနှီးနှောဖလှယ်ပွဲ ၌ ရှေ့လုပ်ငန်းစဥ်အဖြစ် ကော်သူးလေအမျိုးသမီးများကွန်ရက် ဖွဲ့စည်းထူထောင် သွားမည်ဟု နှီးနှောလှယ်ပွဲအပြီး ဇွန် ၁ ရက်နေ့တွင် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ပွဲကို မူဝါဒရေးဆွဲခြင်းနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် အမျိုးသမီးများပိုမိုပါဝင်လာနိုင်ရန်၊ ခေါင်းဆောင်မှု မြင့်တက် လာစေမှုကို နှိုးဆော်ရန် ရည်ရွယ်၍ ကေအဲန်ယူနှင့် ဒေသအသီးသီးမှ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ တစ်သီး ပုဂ္ဂလပညာရှင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ကျော် ပါဝင်မှုဖြင့် မေ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်။

ပွဲပြီး ရှေ့ဆက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဥ်ဆိုင်ရာ သဘောတူညီချက် ၁၁ ချက်တွင် မတူကွဲပြားသည့် လူမှုပတ်ဝန်းကျင်အသီးသီးရှိ အမျိုးသမီးများ ပါဝင်မှု၊ စည်းလုံးမှု၊ ခေါင်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန် ကော်သူးလေအမျိုးသမီးများ ကွန်ရက်ကို ဖွဲ့စည်းထူထောင်မည် ဆိုသည့် အချက်လည်း ပါဝင်ကြောင်း သိရသည်။

ထုတ်ပြန်ချက်ပါပြောခွင့်ရ နော်ထူးထူးက “လောလောဆယ် ခရိုင်အဆင့်မြို့နယ်အဆင့်က အမျိုးသမီးကိုယ်စား လှယ်တွေကိုတော့ နှီးနှောဖလှယ်ပွဲမှာ နာမည်တင်သွင်းထားပါတယ်။ ဒီအဖွဲ့က ဒီမှာ ပြီးမသွားဘူး။ အဆင့်သင့် မဖြစ် သေးဘူး။ ရှေ့ဆက် အကောင်အထည်ဖော်ဖို့ လိုသေးတယ်၊ ဆိုတော့ အမျိုးသမီးအင်အားအများကြီး ထပ် လိုတယ်။ ရှေ့ဆက် ကွန်ရက်ကျယ်ပြန့်ဖို့ ကော်သူးလေက ကရင်အမျိုးသမီးတင် မဟုတ်ဘဲ အခြားဒေသခံ အမျိုးသမီးတွေကိုလည်း ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သဘာဝသယံဇာတနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ လူထုအခြေပြု အုပ်ချုပ်မှုကဏ္ဍများတွင် ဌာနေ တိုင်းရင်းသူ အမျိုးသမီးများကို ဦးဆောင်စေသည့် စီမီခန့်ခွဲမှုဖြင့် လုပ်ဆောင်သွားရန် စသည့်အချက်များ နှီးနှော ဖလှယ်ပွဲ၌ သဘောတူညီခဲ့ကြသည်။

ကေအဲန်ယူက ရေးဆွဲပြင်ဆင်နေသည့် ဂျဲန်ဒါဆိုင်ရာ မူဝါဒ ပြီးစီးပါက လက်တွေ့အကောင်အထည်ဖော်ရန်၊ ကော်သူးလေအစိုးရဖွဲ့စည်းရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတိုင်းတွင် အမျိုးသမီးများ ဦးဆောင်မှု အားကောင်းစေရေး တန်းတူညီမျှစွာပါဝင်ခွင့်ပေးရန်နှင့် ၁၈ ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်တွင် သက်ဆိုင်ရာအမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ရန်လည်း နှီးနှောဖလှယ်ပွဲက တိုက်တွန်း ထားသည်။

ထို့အတူ ဌာနေ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းကွန်ရက်များအနေဖြင့် ကော်သူးလေနယ်မြေရှိ ပြည်သူများ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီရရှိရေး အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နေရပ်စွန့်ခွာရသူများ၏ အရေးပေါ်အကူအညီအတွက် အဓိက ပါဝင်ပတ်သက်နေသူများကို တိုက်တွန်းထားသေးသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင်းနေ ဒုက္ခသည်များ၏ ကျွမ်းကျင်အတတ်ပညာများ အသိအမှတ်ပြုမှု ရရှိပြီး ဒုက္ခသည်စခန်းပြင်ပ၌ အလုပ်လုပ်ကိုင်ခွင့်ရရန်ကိုလည်း ထိုင်းအစိုးရသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တဆက်တည်းမှာပင် ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး ကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲမှ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်သလို နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ လေကြောင်းတိုက်ခိုက်မှုများကိုလည်း အရေးယူရန် တောင်းဆိုထားသည်။

သုံးရက်တာ နှီးနှောဖလှယ်ပွဲအတွင်း အရှေ့တောင်အာရှ၊ နိုင်ငံတကာ၏ အုပ်ချုပ်ရေး၊ နိုင်ငံရေးအခြေအနေ အပါ အဝင် ဒေသအသီးသီးရှိ နိုင်ငံရေးဖြစ်စဥ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေနှင့် သဘောတူညီချက်ပါ ကိစ္စရပ် များအား ရှုထောင့်တစ်ခုချင်းဆီအပေါ် သက်ဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် Panel Discussion များပြု လုပ်ခြင်း၊ အဖွဲ့ခွဲ၍ဆွေးနွေးတင်ပြခြင်း၊ မျှဝေအကြံပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါနှီးနှောဖလှယ်ပွဲသည် အဓိကအားဖြင့် စုံလင်ကွဲပြားသော အမျိုးသမီးများအား ဖိတ်ခေါ်စုစည်းခြင်းဖြင့် အားလုံးပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီကော်သူးလေ ဖက်ဒရယ်ယူနစ်ကို တည်ဆောက်နိုင်ရေး ပထမဆုံးခြေလှမ်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။