Home သတင်း ကျိုက်ထိုတွင် အရပ်သားများရှိရာသို့ စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်ခတ် ပေါင် ၅၀၀ ဗုံးကြဲချ

ကျိုက်ထိုတွင် အရပ်သားများရှိရာသို့ စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်ခတ် ပေါင် ၅၀၀ ဗုံးကြဲချ

736
Photo-KIC (CJ)

မေ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ပြီး ပေါင် ၅၀၀ ဗုံး ကြဲချ တိုက်ခိုက်နေသည်ဟု ဒေသခံပြည်သူ အသီးသီးက ပြောသည်။

ယခုလို တိုက်ခိုက်မှု ဖြစ်စဉ်များမှာ မေ ၂၁ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ အမှတ် – ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက် ခမရ-၂၀၇ အခြေစိုက် သိမ်ဇရပ်၊ ဝါးဒတ်ကွင်းမှ အရပ်သားပြည်သူများကို ပစ်မှတ် ထားပြီး ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ အထက်ကမ်းနီးရွာ အနီးတဝိုက် အရပ်သား ပြည်သူ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မေ ၂၂ ရက်နေ့ နေ့ လည် ၁၁ နာရီအချိန်တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ အထက်ပါ စစ်ကောင်စီ တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ၎င်းနေရာသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အလားတူ မေ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာ၌ အခြေချ ထားသည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂၂ မမ(၂)လုံး ပစ်ခတ် ခဲ့ရာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု၊ ခရွဲရွာအရှေ့ဘက်ရှိ အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲ၌ ကျရောက် ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

Photo-KIC (CJ)

အဆိုပါ မေ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၄ မိနစ်အချိန်တွင် စစ်ကောင်စီ အမှတ်- ၃၁၀ အမြောက်တပ် အခြေစိုက် သည့် သိမ်ဇရပ်မှ အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂၀ မမ (၂)လုံးပစ်ထပ်မံ ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စု၊ ဝင်းကံရွာအနီးတဝိုက် အရပ်သားပြည်သူလုပ်ငန်းခွင်သို့ ကျရောက် ပေါက်ကွဲခဲ့ သေးသည်။

ထို့အပြင် ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် ၎င်း စစ်ကောင်စီ တပ်က လက်နက်ကြီ ၁၂၀ မမ(၂)လုံးထပ်မံ ပစ်ခတ်ခဲ့ပြီး ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ သုံးခွရွာနှင့် ကျောက်ပုံကြီး ကွင်းကြားရှိ အရပ်သားပြည်သူ လုပ်ငန်းခွင်၌ ကျရောက်ပေါက်ကွဲခဲ့ပြန်သည်။

“ကျနော်တို့ ပြည်သူတွေ လူနေမှု ဘဝက အသက်အန္တရာယ် အမြဲ စိုးရိမ် ကြောက်ရွံ့နေရတယ်။ အကြောက် တရားနဲ့ ပဲနေထိုင်နေရတယ်လို့ ပြောချင်တယ်” ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ထို့နောက် မေ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ပြည်သူများ နေထိုင်သည့် နေရာသို့ ပစ်မှတ်ထားပြီး ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး လာကြဲချ တိုက်ခိုက်ခဲ့ရာ ကျိုက်ထို မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ မိုးဘော နတ်စင်ရွာအတွင်းသို့ ကြရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦး၏ နေအိမ်ဗုံးစ ထိမှန် ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။