မေ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ရေးတွင် ဗျူဟာပိုင်း အရေးပါသည့် ကျုံဒိုးမြို့ရှိ စစ်ကောင်စီ စစ်ကြောင်းများ ကော့ကရိတ်သို့ စစ်ကူအင်အား ပို့ရန် စစ်ကြောင်းထွက်မရအောင် ကရင်အမျိုုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ် ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု စစ်ရေးအခြေအနေသိထားသူ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက ဖားအံ- မြဝတီ လမ်းမကြီး၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းနှင့် ကော့ကရိတ်-မြဝတီ ဒေါနတောင် ကျော် အာရှလမ်းပိုင်းတို့ကို ပြန်စိုးမိုးရန်နှင့် ရှေ့တန်းစခန်းများသို့ စစ်ကူပို့ရန် ကျုံဒိုးမြို့၌ စစ်ကူအင်အားများ စုစည်းထားသော်လည်း စစ်ကြောင်းထွက်၍ မရအောင် ယခုလို တော်လှန်ရေးတပ်များက ဗျူဟာကျ ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကျုံဒိုး စကစတွေ စစ်ကြောင်းထွက်ဘို့ မီးပုံကွင်း၊ ရသေ့ကျောင်းဘက်နေ လမ်းမပေါ်ထွက်ဖို့က မထွက်ရဲဘူး ဖြစ်နေတယ်။ ပူးပေါင်းအဖွဲ့တွေက စနိုက်ဘာတစ်ချက် တစ်ကောင်ကျဘဲ ပစ်တာ။ နောက်ရှာ့ခ်တိုက် ဒုံးနဲ့ပစ်တာ သူတို့ထိတယ်။ သေတယ်။ ဒီနေ့ဆိုစနိုက်ဘာထိတာ ထပ်ရှိလာတော့ မြို့ထဲ အထက-၁ ကျောင်းဘက် ပြန်ဆုတ် ဝင်သွား တယ်။ ပြီးတော့မှ မြို့ပြင်ဘက် စကစတွေ လက်နက်ကြီးပစ် ထုတ်နေတယ်” ဟု မြေပြင် စစ်ရေးအခြေ အနေ သိထားသူက ပြောသည်။
လက်ရှိ ကျုံဒိုးတွင် စစ်ကောင်စီတပ်က ဂျိုင်းတံတားဘက် ခမရ-၅၄၅ တပ်၊ ကျုံဒိုးမှ ကော့ကရိတ်ဘက် အထွက် ခမရ-၅၄၆ တပ်ရှိနေပြီး မြို့တွင်း ရသေ့ကျောင်း၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ ရဲစခန်းကုန်း၊ ဗျူဟာကုန်း၊ မူလွန်ကျောင်း၊ ဦးကွဲဇရပ်နေရာများနှင့် ကျွန်းကလေးရွာထိပ် နေရာများတွင် ခံစစ်ပြင် နေရာယူထား သည်။

ထို့အပြင် ကျုံဒိုးမြို့တွင်းနေ မြို့ခံများ စစ်ရှောင်သူများလည်း ရှိပြီး တချို့စစ်ရှောင်အိမ်များ ဖောက်ထွင်းခိုးယူခံ နေရမှုများ ဖြစ်ပေါ်နေသည်ဟု စစ်မရှောင်ဘဲ အိမ်စောင့်အဖြစ်နေခဲ့သူ မြို့ခံများက ပြောသည်။
ယမန်နေ့ မေ၂၄ ရက်နေ့တွင် KNLA ပစ်ခတ်သည့် လက်နက်ကြီး ရသေ့ကျောင်းဘက် ကျရောက်ထိမှန်ပြီး စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိမှုကြောင့် ရသေ့ကျောင်းမှ စစ်ကောင်စီဒရုန်းတပ်ဖွဲ့ များ မြို့တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းဘက်သို့ ပြောင်းရွှေ့ သွားပြီး ကာကင်းတပ်ဖွဲ့သာ ရှိတော့ သည်ဟု စစ်ဘက်ရေး သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ကျုံဒိုးမြို့တွင်း မြို့ပြင်နေရာများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များက ဗျူဟာကျ ပိတ်ဆို့ထားသည်။ စစ်ကောင်စီ ဘက်ကလည်း ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခတ်တိုက်သော်လည်း ကော့ကရိတ်ရှိ တပ်စခန်းများသို့ စစ်ကြောင်းထွက်ကာ စစ်ကူပို့ရန် အခက်တွေ့လျက်ရှိ ကြောင်း သိရသည်။
ယခုလို စစ်ကောင်စီက ရှေ့တန်းသို့ စစ်ကူပို့ရန် ပိတ်ဆို့ခံထားရသည့် အခြေအနေတွင် လက်ရှိ KNLA နှင့် ပူးပေါင်း တပ်များက တပ်မဟာ-၆ နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်တိုက်ခိုက်နေသည်ဟု ကနဦးသိထား သော်လည်း တိကျသေချာသည့် သတင်းအချက်အလက်များကို စုစည်းကာ သင့်တော်သည့်အချိန် ဆက်ထုတ်ပြန်နိုင်ရေး ကေအိုင်စီက လုပ်ဆောင်သွားမည် ဖြစ်သည်။



















