Home သတင်း အမျိုးသမီးအလုပ်သမားများ ဓမ္မတာရက်မှာ လုပ်အားခအပြည့်နားရက် ခံစားခွင့်ပေးရန် ထိုင်းအလုပ်သမားဌာန တရားဝင်စာထုတ်

အမျိုးသမီးအလုပ်သမားများ ဓမ္မတာရက်မှာ လုပ်အားခအပြည့်နားရက် ခံစားခွင့်ပေးရန် ထိုင်းအလုပ်သမားဌာန တရားဝင်စာထုတ်

832
Photo: AP

မေ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအလုပ်သမားများ လစဥ်ဓမ္မတာလာသည့်ရက်တွင် လုပ်အားခ အပြည့်ဖြင့် နားရက်သတ်မှတ်ခံစားခွင့်ပေးရန် ထိုင်းနိုင်ငံ၏ အလုပ်သမားရေးရာဝန်ကြီးဌာနက ယခုမေလ တတိယအပတ်က တရားဝင်စာထုတ်ပြန်သည်။

ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိရင်ဆိုင်နေရသည့်ကိစ္စများအပေါ် နိုင်ငံမြောက်ပိုင်းအဖွဲ့အစည်းများက ဒီဇင်ဘာ ၂၈ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့တွင် ထိုင်းအစိုးရနှင့်အစိုးရအေဂျင်စီများသို့ တင်သွင်းလာသည့်အဆိုပြုချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ယခုလို စာထုတ်ခြင်းဖြစ်သည်ဟု သိရသည်။

ထုတ်ပြန်စာတွင် အမျိုးသမီးများအလုပ်သမားများ ဓမ္မတာလာသည့်ရက်တွင် လုပ်အားခအပြည့်နှင့်နားရက် ခံစားခွင့်ပေးရန်ဖြစ်ပြီး ဓမ္မတာလာချိန်တွင်အသုံးပြုသည့် အမျိုးသမီးလစဥ်သုံးပစ္စည်းများကိုလည်း လုပ်ငန်းခွင်များတွင် အခမဲ့ထောက်ပံ့ပေးသွားရန်ဟု ဆိုထားသည်။

ယင်းနှင့်ပတ်သက်ပြီး ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဥပဒေရေးရာတာဝန်ရှိသူ ဆရာမ သူဇာကြိုင်က “အခုနောက်ပိုင်း အထည်ချုပ်စက်ရုံတွေများလာပြီး အမျိုးသမီးတွေကို အလုပ်ရှင်တွေက ခေါ်ယူစေခိုင်းမှုများ လာတယ်။ အဲဒီထဲမှာမှ မြန်မာအမျိုးသမီးတွေက စိုးရိမ်တာ ကြောက်လန့်တာ မပြောရဲတာ ဦးဆောင်မှု အပိုင်းမှာ မပါရဲတာတွေက အများအားဖြင့် ရှိနေတုန်းပဲ။ ဒီလိုဥပဒေထွက်ရှိလာတဲ့အခါမှာ အမျိုးသမီးတွေအတွက် ပိုကောင်းမွန်တဲ့ခံစားခွင့်တော့ရရှိလာမယ်လို့မြင်မိတယ်။” ဟု သုံးသပ်သည်။

လက်ရှိတွင် စာထွက်လာသည့်အပေါ် မဲဆောက်မြို့တွင်ရှိနေသော အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ အလုပ် သမားရှေ့နေများနှင့် အသေးစိတ်ဆွေးနွေးခြင်းမရှိလာသေးသော်လည်း အစိုးရဝန်ကြီးဌာနက တရားဝင်ပြ ဌာန်းပြီးသည်နှင့်ကျင့်သုံး၍ရပြီဖြစ်သလို စောင့်ကြည့်မှုများလည်းလိုအပ်ကြောင်းလည်း သူမက ဖြည့်စွက်ပြောသည်။

“စကျင့်သုံးတာကတော့ ပြဌာန်းပြီးတာနဲ့ကျင့်သုံးလို့ရပြီ လိုက်နာမနာဆိုတာတော့ လုပ်ငန်းခွင်တွေ ဘက်ကိုပြန်စောင့်ကြည့်ရမယ်။ အလုပ်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းမှာချမှတ်ပြီး ဆောင်ရွက်မ လားကြည့်ရမယ်။ မလုပ်ဘူးဆိုရင် အရေးယူမယ့်အဖွဲ့တွေက တကယ်အလုပ်မလုပ် ကြည့်ရမယ်။” ဟု ဆရာမသူဇာကြိုင်က ပြောသည်။

ထို့အပြင် ဥပဒေအရ မည်သည့်လုပ်ငန်းအမျိုးအစားမဆိုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးအလုပ်သမားတိုင်း အတွက် အကျုံးဝင်နိုင်မည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့်လည်း မိမိတို့အလုပ်သမားရပိုင်ခွင့်အပေါ် သိရှိထားရန်လိုအပ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များက သုံးသပ်တိုက်တွန်းကြသည်။

အလားတူ သက်ဆိုင်ရာအလုပ်သမားကာကွယ်ရေးနှင့်ဖူလုံရေးရုံးအနေဖြင့် ယခုထုတ်ပြန်စာအပေါ် အမျိုးသမီးအလုပ်သမားဝန်ထမ်းများအတွက် လုပ်အားခအပြည့်ဖြင့် နားရက်ပေးရေး၊ လုပ်ငန်းခွင်များတွင် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အဆင်သင့်ထားရှိပေးရေးတို့အတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ် ကြေညာ အသိပေးရန်ကိုလည်း အလုပ်သမားဝန်ကြီးဌာနကတပါတည်း ဖော်ပြသွားသည်။