မေ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဝေါလေဒေသ စစ်ကောင်စီ မော်ခီးစခန်းကို ကော်သူးလေအာမီ-KTLA မဟာမိတ် ပူးပေါင်းတပ်များက ယမန်နေ့ မေ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မော်ခီး စခန်း တိုက်ခိုက်ချိန်တွင် ဖလူး-ဝေါလေ လမ်းပိုင်းတွင် အရပ်သားများ ဖြတ်သန်းသွားလာမှုကို ပိတ်ထားပြီး စစ်ကောင်စီဘက်ကလည်း ဂျက်လေယာဉ်ပျံဝဲနေကာ နယ်စပ်နှင့်နီး စပ်နေသည့် အတွက် ဗုံးကြဲမှု မပြုလုပ်သေးကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။
“မနက်ပိုင်းစပြီး တိုက်နေတာ၊ ဖလူး-သုံးထပ်ကွေ့-ဝေါလေလမ်းပိုင်းပိတ်ချလိုက်ပြီး။ ဝေါလေ အထက်ကမော်ခီး စခန်းကုန်းကို တိုက်နေပြီး။ KTLA က ဒရုန်းတွေကြဲတယ်။ သူတို့စကစ လက်နက်ကြီးပြန် ပစ်တယ်။ ဂျက်လေယာဉ် လာဝဲနေတယ်။ ထိုင်းနဲ့ တအားကပ်နေတော့ ဗုံးမကြဲသေးဘူး” ဟု ကနဦး စခန်းသိမ်း တိုက်ပွဲ ပြုလုပ်နေမှုအပေါ် ၎င်းက ပြောသည်။
အဆိုပါ ထိုင်း-မြန်မာ နယ်စပ်အနီး မြန်မာဘက်အခြမ်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် ထိုင်းနိုင်ငံ တော်ဝင် တပ်မတော်၊ နယ်ခြားစောင့် စစ်တပ်စခန်းများ၌ စစ်ရေးအသင့်အနေအထားဖြင့် နယ်စပ်စောင့်ကြည့် ကင်းလှည့်မှု၊ တပ်လှန်မှုများ ရှိနေပြီး စစ်ဘေးရှောင်များ ခိုလှုံလာပါက အကူအညီပေးနိုင်ရန် ဖို့ဖရ၊ အုန်းဖန် ဒေသခံလူမှုအဖွဲ့ အစည်းများ အသင့်ပြင်ဆင်ထားသည်ဟု ထိုင်းသတင်းများအရ သိရသည်။
လတ်တလောတွင် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်း စသည့်ဒေသများတွင် ကရင်လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဆက်ဖြစ်ပွားနေပြီး တစ်ချို့ နေရာ များတွင် စစ်ကောင်စီ စခန်းများကို ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်ထားပြီး စစ်ရေးတင်မားနေကြောင်း သတင်း ရင်းမြစ်များက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက ထိုင်း-မြန်မာ နယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက် လက်ရှိပြီး ကေအဲန်ယူ၊ တပ်မဟာ-၇ တစ်ခုထဲတွင် စခန်း ၈ ခု သိမ်းပြီး ဖြစ် ကြောင်း သိရသည်။



















