Home သတင်း ဒုက္ခသည်များကို ဆက်ကူညီပေးရေး နိုင်ငံတကာ ကရင်အဖွဲ့ပြော

ဒုက္ခသည်များကို ဆက်ကူညီပေးရေး နိုင်ငံတကာ ကရင်အဖွဲ့ပြော

697

မေ ၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ကရင်နှင့် ကရင်နီလူမျိုး အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာပြတ်တောက်ခံရခြင်းနှင့် အထွေထွေ အကြပ်အတည်းများရင်ဆိုင် နေရသည့်အတွက် ဆက်ကူညီ ပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်းက မေ ၇ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သသည်။

နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လူဦးရေ ၁၀၈,၀၀၀ ဦးကျော် နေထိုင်လျက်ရှိပြီး စားနပ်ရိက္ခာ ပြတ်တောက် ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများရပ်တန့်နေခြင်း စသည့် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဒုက္ခသည်များ ထံမှသိရသည်။

လက်ရှိ ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ယခုနှစ်မတ်လအတွင် စတင်ကြုံတွေ့နေပြီး ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများထဲမှ အသက် ၅ နှစ်အောက် ကလေးငယ်တစ်ဦးလျှင် တစ်လ ၁.၅ ဒေါ်လာ ထိုင်းဘတ်(၅၃ ဘတ်)၊ အသက် ၅ နှစ် အထက်ရှိသူများကို တစ်ဦးလျှင် တစ်လ ၂.၄ဒေါ်လာ ထိုင်းဘတ် (၈၇ဘတ်) ထိသာ ရရှိနေသည်ဟု နိုင်ငံတကာကရင်အဖွဲ့အစည်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန်အပါအဝင် အခြားနိုင်ငံရှိ စားနပ်ရိက္ခာ လျှော့ချခံရသည့် ဒုက္ခသည် အပါအဝင် နေရပ်စွန့်ခွာ သူ IDP များကြား အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို တားဆီးရန်နှင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေး ရန် ယခုလို တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။

“ဒုက္ခသည်မှာ နေတဲ့ လူတွေက နေရပ်လဲ ပြန်လို့မရသေးဘူး။ ရိက္ခာလျှော့ချတဲ့အတွက် အခက်အခဲရှိတာမကဘဲ US အကူညီပြတ်တောက်မှု‌ကြောင့် ကျန်းမာရေးအပိုင်းလည်း အခက်အခဲရင်ဆိုင်ရတယ်။ အခု ရိက္ခာပါ ပြတ်တောက် လာတော့ အခက်အခဲ အများကြီးကြုံရတယ်။ သူတို့တွေအတွက် အကူအညီ ပြန်ပေးနိုင်ဖို့ ကျမတို့ ကရင်အဖွဲ့ အစည်းတွေက သူတို့အစား တောင်းဆိုပေးတာဖြစ်တယ်” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN ၏ ဒါရိုက်တာ နော်ဝါးခူရှီးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းအတွင်းရှိ နေထိုင်သူများသည် ဝင်ငွေမရှိသည့်အပြင် စခန်းပြင်ပသို့ တရားဝင်အလုပ် ထွက်လုပ်ခွင့် မရသည့်အတွက် အသက်ရှင်သန်ရပ်တည်ရန် လွန်စွာ အခက်တွေ့နေရသည်ဟု နော်ဝါးခူရှီးက ဖြည့်စွက် ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးရမည်ဖြစ်ပြီး အမေရိကန်နှင့် အခြား အလှူရှင်များအနေဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ဆက်လက်ကူညီပေးရန်နှင့် ရံပုံငွေ တိုးမြှင့်ပေးရန်လိုအပ်နေသည်ဟု ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

ထို့ အပြင် ဥပမအနေဖြင့် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီ ယာယီအလုပ်မှုဆောင်ကော်မတီ အုပ်ချုပ် သည့် နယ်မြေများကို ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော်အကူအညီ ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် စသည့် အချက်များလည်း ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်း တောင်းဆို ထားသည်။