Home သတင်း ကျိုက်ထိုတွင် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးနှင့် ဗုံးကြဲခံရ၍ လူ ၈,၀၀၀ ကျော်ထွက်ပြေး

ကျိုက်ထိုတွင် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးနှင့် ဗုံးကြဲခံရ၍ လူ ၈,၀၀၀ ကျော်ထွက်ပြေး

901
Photo-CJ

မေ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံပြည်သူ ၈,၀၀၈ ဦး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသတွင်းတာဝန်ရှိသူ သတင်းရင်းမြစ်က ပြောသည်။

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီအမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း(ခမရ-၂၀၇) တပ်ရင်းနှင့် စစ်ကောင်စီအမြောက်တပ် (အမတ-၃၁၀) တပ်ရင်းတို့က မေ(၂)ရက်နေ့တွင် အရပ်သားများ နေထိုင်ရာသို့ ၁၂၀ မမ၊ ၆၀ မမနှင့် ၈၁ မမ လက်နက်ကြီး ၁၂ လုံးတိတိ ပစ်ခတ်ခဲ့သည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု သုံးခွရေကျော် ဓမ္မဒူတဘုန်းကြီး ကျောင်း အနီးတဝိုက်နှင့် ခရွဲကျေးရွာကွက်သစ် လမ်းဘေးရှိအရပ်သားပြည်သူများ၏ လုပ်ငန်းခွင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်နှင့် ရော်ဘာပင်များ ထိခိုက်ပျက်စီးသွားသည်။

ထိုအပြင် မေ ၂ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ပျဉ်းကတိုးကုန်း ကျေးရွာ အုပ်စု ရွှေခဲရိုးရွာအနီးဝန်းကျင်တွင် ဗုံးသီး(၁)လုံး ကျရောက်ပေါက်ကွဲခဲ့ သည်ဟု ဒေသခံများထံမှ သိရသည်။

Photo-CJ

“အခုလို အခြေအနေတွေကြောင့် အရပ်သား ပြည်သူတွေ သူတို့လူမှုဘဝ လုံခြုံမှုမရှိတော့ စည်းစိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။ သူတို့အတွက် စားနပ်ရိက္ခာ အရေးပေါ်ထောက်ပံ့မှုတွေလည်း လိုအပ် နေပါတယ်” ဟု မြေပြင်ရှိ တာဝန်ရှိသူ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု ရွာ ၇ ရွာမှ အိမ်ခြေ ၈၇၃ အိမ်မှ စုစုပေါင်း လူဦးရေ ၃,၁၉၆ ဦး၊ ခရွဲ‌ကျေးရွာအုပ်စု ရွာ ၈ ရွာမှ အိမ်ခြေ ၁,၀၄၇ အိမ်တို့မှ စုစုပေါင်းလူဦးရေ ၄,၈၁၂ ဦး၊ စုစုပေါင်း အရပ်သား ပြည်သူ ၈,၀၀၈ ဦး စစ်ဘေးရှောင်နေရသည်ဟု တာဝန်ရှိသူတို့က ပြုစုထားသည့် ကနဦးစာရင်းအရ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ တတိယအပတ်မှစ၍ ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု သိရသည်။