မေ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာတွင်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလထိ ၃ လအတွင်း အွန်လိုင်း (Oline) ပေါ်၌ လွတ်လပ်စွာဖော်ထုတ်ရေးသားသူ ၄၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု မြန်မာ အင်တာနက် ပရောဂျက် (MIP)က ပြုစုထားသည့် သုတေသနစာတမ်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အွန်လိုင်းပေါ်တွင်လွတ်လပ်စွာဖော်ထုတ်ရေးသားသူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့မှုများမှာ ယခုနှစ် ဖေဖော်ဝါရီ လတွင် ၂၁ ဦး၊ မတ်တွင် ၁၆ ဦး၊ ဧပြီလတွင် ၈ ဦးတို့ဖြစ်ပြီး စုစုပေါင်း ၄၅ ဦး ရှိပြီး ဖြစ်သည်ဟု MIP က ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ယခုလို စစ်ကောင်စီက ဖမ်းဆီးမှုများထဲတွင် ပြီးခဲ့သည့် ဖောဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်ကို လူမှုကွန်ယက်စာမျက်နှာ၌ ဝေဖန်သူ ရန်ကုန်မြို့နေ ရခိုင်အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခံခဲ့ရသည်။
အလားတူ စစ်တပ်ထောက်ခံသူဟု လူသိများသည့် ငါးမင်းဆွေ ကို စစ်ကောင်စီက ၎င်းတို့အား ဝေဖန်သည့် အတွက် မတ်လအတွင်း ဖမ်းဆီးပြီး ထောင် ၃ နှစ်ချမှတ်ခဲ့သည်များလည်း ရှိသည်ဟု သုတေသန အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက အင်တာနက် ဖြတ်တောက်မှုများကိုလည်း ပြုလုပ်နေပြီး လက်ရှိ စကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့နယ်များ၊ တိုက်ပွဲ ဖြစ်ပွားနေသည့် ဗန်မော်မြို့နယ်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကရင်နီ (ကယား) မွန်၊ တနင်္သာရီတို့ အပြင် ပဲခူး၊ မကွေး တိုင်နှင့် ကချင်၊ ချင်း စသည့် ပြည်နယ်များတွင်လည်း အင်တာနက်ဖြတ်တောက် မှုများကို ပြုလုပ် ထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းလုံး အင်တာနက် ဖြတ်တောက်မှု ၈၅ ကြိမ် ထိရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေ အများဆုံးနိုင်ငံဖြစ်သည်ဟု Access Now အစီရင် ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက ၎င်းတို့ကိုဝေဖန်သူများအပေါ် အင်တာနက်စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို ယခင်က ထက် ပိုမိုလုပ်ဆောင်မှုများရှိလာသည်ဟု မြန်မာအင်တာနက်ပရောဂျက်မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“စစ်ကောင်စီရဲ့ အများပြည်သူအပေါ်စောင့်ကြည့်ရေးယန္တရားများ ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ နေရှင်နယ်ဒေတာဘေစ့်(National Database)အသုံးပြုကာ စောင့်ကြည့်ဖမ်းဆီးခြင်းများကိုလည်း တွေ့လာရ ပါတယ်။ MMQR စနစ်ကို မိတ်ဆက်လာပြီး ဉာဏ်ရည်တုနည်းပညာ(AI)နှင့်ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင် လာတာကိုလည်း တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားသည့် နေရာများ၊ ကေအဲန်ယူ စီမံအုပ်ချုပ်သည့် နေရာများကိုလည်း စစ်ကောင်စီက အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း များပြုလုပ်ထားသလို ကျားဖြန့်တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံက နယ်စပ်ဒေသများဖြစ်သည့် မြဝတီ၊ ဘုရားသုံး ဆူမြို့နယ်တို့တွင်လည်း အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟု ဒေသခံများနှင့် လေ့လာစောင့် ကြည်သူ့များထံမှ သိရသည်။



















